တောင်ကြီး စက်တင်ဘာ ၁၈
ကမ္ဘာ့ဝါးအထိမ်းအမှတ်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်း က ရှမ်းပြည်နယ် သစ်တောဦးစီးဌာန Online စနစ်ဖြင့် ကျင်းပသော အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ ညီညီအောင် တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ ညီညီအောင် က ကမ္ဘာ့ဝါးအထိမ်းအမှတ်နေ့ ဖြစ်ပေါ်လာပုံနှင့် အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်၊ လူမှုစီးပွားနှင့်ပတ် ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍတွင် ဝါး၏အရေးပါပုံများကို ပြောကြားပြီး ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု၏ ပန်းတိုင် ဖြစ်သည့် ဆင်းရဲနွမ်းပါးမှုလျော့ချရေးအတွက် ဝါး၏အခန်းကဏ္ဍကိုတိုးတက်မြှင့်တင်သွားရန် လိုအပ်ကြောင်း၊ ဝါးတောများကို ကောင်းမွန်သောစီမံအုပ်ချုပ်မှုဖြင့် ရေရှည်တည်တံ့အောင် ဆောင်ရွက်ရန် လိုအပ် ကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံဝါးစိုက်ပျိုးရေးအသင်းမှ အသင်းဖြစ်ပေါ်လာပုံနှင့် ဝါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများကို ရှင်းလင်း တင်ပြခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ဝါးအထိမ်းအမှတ်နေ့ ဗီဒီယိုမှတ်တမ်းနှင့် မြန်မာနိုင်ငံဝါးစိုက်ပျိုးရေး အသင်း၏ လှုပ်ရှားမှု ဗီဒီယိုမှတ်တမ်းတို့ကို ပြသခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ ညီညီအောင်၊ ရှမ်းပြည်နယ်သစ်တောဦးစီးဌာန မှ အရာထမ်း/ အမှုထမ်းများ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အောက်ရှိ ဆက်စပ်ဌာနများ၊ မြန်မာနိုင်ငံဝါးစိုက်ပျိုးရေးအသင်း ဥက္ကဋ္ဌ နှင့် အသင်းသားများနှင့်အတူ တောင်ကြီးမြို့နယ်၊ တောင်လေးလုံး သစ်တောပျိုးဥယျာဉ်အတွင်း ဝါးပင်များအမှတ်တရ စိုက်ပျိုးခြင်း၊ တစ်ပြိုင်တည်းမှာပင် ရှမ်းပြည်နယ်၊ မြို့နယ်အသီးသီးရှိ သစ်တောဦးစီးဌာန စခန်း ၂၀၄ ခုတွင် ဝါးဖြူ၊ ဝါးဘိုး၊ ကင်ဆွန်(မျှစ်ချို)စသည့် ဝါးမျိုးစုံ ၄၂၀ ပင်တို့ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၏ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး၊ လမ်းညွန်ချက်များနှင့်အညီ စိုက်ပျိုးခဲ့ကြကြောင်း၊ မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်း က ရှမ်းပြည်နယ်သစ်တောဦးစီးဌာန သို့ ကင်ဆွန်(မျှစ်ချို)ဝါး ၅၀ ပင် လှူဒါန်းခဲ့ကြောင်း သိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)