ဘီးလင်း စက်တင်ဘာ ၁၈
ဘီးလင်းမြို့နယ် (အမှတ်-၂၂) တာယာစက်ရုံ Section 3 တွင် တာဝန်ထမ်းဆောင်နေသော စက်ရုံဝန်ထမ်းတစ်ဦးနှင့် ယင်းနှင့် ထိတွေ့ခဲ့သည့် ဝန်ထမ်းများ၌ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိပြီး နောက် စက်ရုံအား ယနေ့နံနက်ပိုင်းမှစတင်၍ ယာယီပိတ်သိမ်းလိုက်ပြီ ဖြစ်ကြောင်းသိရသည်။
ဘီးလင်း မြို့နယ် တာယာစက်ရုံမှပိုးတွေ့လူနာနှင့် ထိတွေ့သူ (၁၈) ဦးအား စစ်ဆေးခဲ့ရာ ယနေ့ နံနက်အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၉) ဦးထိရှိလာခဲ့ကြောင်း သိရသည်။ ရောဂါပိုး ပိုမို ကူးစက်မှုမရှိ စေရန်အတွက် စက်ရုံအတွင်း အလုပ်လုပ် ကိုင်နေကြသော အစိုးရဝန်ထမ်း ၁၂၇ ဦး ကုမ္မဏီဝန်ထမ်း ၄၄၅ ဦးတို့အား ကိုဗစ် ၁၉ ကြိုတင် ကာကွယ်သည့် အနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ တာယာစက်ရုံ အသွားအလာ ကန့်သတ် စောင့်ကြည့်နေရာနှင့် မိမိတို့၏ ရပ်ကွက်၊ ကျေးရွာအတွင်းရှိ သတ်မှတ်ထားသည့် အသွားအလာ ကန့်သတ်စောင့်ကြည့် နေရာများတွင် (၂) ပတ်ကြာ နေထိုင် သွားကြရန် သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ထူးနောင် (ပြန်ဆက်)