ပုဗ္ဗသီရိမြို့နယ် ဌာနဆိုင်ရာများ စုပေါင်းမဟာ ဘုံကထိန်ကပ်လှူပူဇော်

ပုဗ္ဗသီရိ  နိုဝင်ဘာ ၅

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်းမဟာဘုံကထိန် ကပ်လှူပူဇော်ပွဲကို ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ ယနေ့နံနက် ၉ နာရီအချိန်က ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ ပုဗ္ဗသီရိမြို့နယ် ဣစ္ဆာသယကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တဣန္ဒာစရိယ အမှူးပြုသော ပင့်သံဃာ ၅ ပါး ကြွရောက်တော်မူပြီး ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။  ထို့နောက် ဧည့်ပရိသတ်အပေါင်းတို့က ဆရာတော်ဘဒ္ဒန္တဣန္ဒာစရိယထံမှ ငါးပါးသီလဆောက်တည်ခံယူကြကာ ဆရာတော်၊ သံဃာတော်များ ရွတ်ပွားတော်မူသည့် အန္တရာယ်ကင်းပရိတ်တရားတော်များနှင့်  ဘုရားဂုဏ်တော်များကို နာယူကြည်ညိုခဲ့ကြသည်။

ယင်းနောက် ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူတို့က ဆရာတော်၊ သံဃာတော်များအား ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ဘဒ္ဒန္တဣန္ဒာစရိယမထေရ်မြတ်ထံမှ အနုမောဒနာ တရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။ ထို့နောက် သက်ဆိုင်ရာတာဝန်ရှိသူတို့က ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

သားငယ် (ပုဗ္ဗသီရိ)