နမ္မတူမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စာဖတ်ဝိုင်းနှင့်စာအုပ်စာစောင်ပြပွဲကျင်းပ

နမ္မတူ နိုဝင်ဘာ ၅

တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက်နေ့တွင်ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စာအုပ်စာပေဝါသနာပါသူ (Club) အဖွဲ့ဝင်များ စုစည်း၍ စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ရှေးဦးစွာ နမ္မတူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စိုးစန္ဒာဝိုင်းက စာအုပ်တစ်အုပ်ရဲ့အပေါ်မှာ တစ်ဦးနှင့်တစ်ဦးမတူညီတဲ့ အတွေးအမြင်သစ်တွေ၊ စာအုပ်မှရရှိသော အသိပညာဗဟုသုတလေးတွေကို တစ်ဦးနှင့်တစ်ဦး မျှဝေနိုင်ရန်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်နှင့်လည်း ရင်းနှီးကျွမ်းဝင်မှုပိုမိုရရှိကာ စာအုပ်စာပေကောင်းများ လေ့လာရှာမှီးတတ်စေရန်ရည်ရွယ်၍ စာအုပ်စာပေဝါသနာပါသူ (Club) အဖွဲ့ဝင်များဖြင့် ပူးပေါင်းကာ စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ စာရေးဆရာ ဗန်းမော်သိန်းဖေ၏ “မျှဝေလိုသောအတွေးများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းအားကျင်းပရာ (Book Club)အဖွဲ့ဝင် ဦးသိန်းဟန်က “လူဖြစ်လာရခြင်းရဲ့ ရည်ရွယ်ချက်” ခေါင်းစဉ်ပါအကြောင်းအရာဖြင့် ဦးဆောင်ဆွေးနွေးပြီး၊ အဖွဲ့ဝင်ကိုအောင်က “သင်သိတာကိုမျှဝေပါ” ခေါင်းစဉ်ပါအကြောင်းအရာများဖြင့်လည်းကောင်း၊ (Woman Club) အဖွဲ့ဝင် ဒေါ်ပိုးမဥ္ဇူက “သူများပြောတိုင်းမယုံပါနဲ့” ခေါင်းစဉ်ပါအကြောင်းအရာများဖြင့် လည်းကြောင်း၊ (Youth Club)အဖွဲ့ဝင် ဒေါ်ကုဋေဦးကက “အတင်းပြောသူကိုတားနည်း”  ခေါင်းစဉ်ပါ အကြောင်းအရာများဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြရာ မြို့နယ်ဦးစီးမှူး ဒေါ်စိုးစန္ဒာဝိုင်းက ပြန်လည်ဖြည့်စွက်ဆွေးနွေးပေးခဲ့သည်။

ထို့နောက် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြပွဲအားကျင်းပရာ တက်ရောက်လာသည့် ဝါသနာတူ (Club)အဖွဲ့ဝင်များက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု ခဲ့ကြသည်။

ယခုလို စာဖတ်ဝိုင်းဆွေးနွေးပွဲများကို စာအုပ်စာပေဝါသနာပါသူ (Club)အဖွဲ့ဝင်များဖြင့်ပူးပေါင်းကာ လစဉ် စဉ်ဆက်မပြတ် ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စိုးစန္ဒာဝိုင်းထံက သိရသည်။

လူမော်