ပေါင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့်ပြိုင်ပွဲများ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲများကျင်းပ

ပေါင် နိုဝင်ဘာ ၄

ပေါင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး(၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြိုဟောပြောပွဲနှင့်ပြိုင်ပွဲများ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲများကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် အခြေခံပညာမူလတန်းလွန်(ကမ်းနား)ကျောင်း၌ မြို့နယ်ရုံးဝန်ထမ်းများက သွားရောက်ဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ ပေါင်မြို့နယ် အ.မ.က(မူလွန်) (ကမ်းနား)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်လေးဖြူဖြူမှ အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပေါင်မြို့နယ်ရုံးမှ ရုပ်သံကျွမ်းကျင်-၃ ဒေါ်အိအိခင်ကစာဖတ်ခြင်း၏ အကျိုးကျေးဇူးရရှိလာပုံနှင့် အမျိုးသားနေ့ဖြစ်ပေါ်လာပုံအကြောင်း အသိပညာပေး ဟောပြောခဲ့သည်။

ယင်းနောက် ကျောင်းသား၊ ကျောင်းသူများအား စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ပြီး ဆုရရှိသူများအား တာဝန်ရှိသူက ဆုများချီးမြှင့်ပေးခဲ့သည်။ ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများအား စိတ်ဝင်စားဖွယ်ကလေးစာအုပ်များကိုမိမိစိတ်ကြိုက် လေ့လာရွေးချယ်ဖတ်ရှုစေပြီး မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်‌ရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် မီးဘေးအန္တရာယ်အသိပညာပေး နံရံကပ်စာ‌စောင်များကိုပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်၀င်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)