ရန်ကုန် နိုဝင်ဘာလ ၄
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ရုံး ဝန်ထမ်းများနှင့် ဗုဒ္ဓဝေယျာဝစ္စအသင်းများပါဝင်သော ၁၁ ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အလှူပွဲ အခမ်းအနားကိုယနေ့ နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော် ရာဟုထောင့် အောက်ပစ္စယာရှိ မဟာဗုဒ္ဓဝင်ပြခန်းတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာနံနက် ၅ နာရီ ခွဲ အချိန်တွင် စေတီတော်ကြီးဝတ္ထုကံမြေအတွင်းရှိ ကျောင်းတိုက်များမှ ပင့်သံဃာတော်များအား အရုဏ်ဆွမ်းကပ်လှူခြင်း၊ နံနက်၇နာရီအချိန်တွင် ဌာနအလိုက်ဝန်ထမ်းများနှင့် ဗုဒ္ဓဝေယျာဝစ္စအသင်းများက ပဒေသာပင်များဖြင့် စေတီတော်ကြီးတစ်ပတ် လက်ယာရစ်လှည့်လည်ပူဇော်ခြင်းများ ဆောင်ရွက်ကြသည်။
ယင်းနောက် ရေစက်ချအခမ်းအနားကို မဟာဗုဒ္ဓဝင်ပြခန်းတွင် ကျင်းပရာ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ဝန်ထမ်းများနှင့် ဗုဒ္ဓဝေယျာဝစ္စအသင်းများ တက်ရောက်ကုသိုလ်ယူကြသည်။
အခမ်းအနားတွင် ယခုနှစ်အတွက် ကထိန်အလှူတော်ခံယူမည့် ဘီအိုစီပိဋကတ်တိုက်ကျောင်းဆရာတော်အား ကထိန်လျာဉာတ်သင်္ကန်းနှင့် ပဒေသာပင်တို့အား အလှည့်ကျသဘာပတိ ဦးဘိုးသင်းနှင့် ဂေါပကအဖွဲ့ဝင် ဦးတင်ဝတို့က ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ ဝတ္ထုကံမြေအတွင်းရှိ ကျောင်းတိုက်များမှ ပင့်ဖိတ်ထားသည့် သံဃာတော်များအား ပဒေသာပင်များ မဲဖောက်လှူဒါန်းခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအနုမောဒနာတရား နာကြား၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)