မရမ်းကုန်း နိုဝင်ဘာ ၄
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သက်ခိုင်က မိတ်ဆက်အဖွင့် အမှာစကားပြောကြားရာတွင် မြို့ရွာသန့်ရှင်းရေးနှင့်မိမိတို့ဌာန ရုံးပတ်ဝန်းကျင်သန့်ရှင်းရေး ဝိုင်းဝန်းဆောင်ရွက်ကြရန်၊ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သောကြောင့် မီးဘေးကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းများဆောင်ရွက်ကြရန်၊ မိမိရုံးလုံခြုံရေး၊ မိမိလုံခြုံရေးတို့ကို အမြဲသတိရှိရန်နှင့် အားကစားရာသီရောက်ရှိလာပြီဖြစ်သောကြောင့် ကျောင်းများ၌ အားကစားပြိုင်ပွဲများဆောင်ရွက်ကြရန် အစရှိသည်ဖြင့် ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက်တက်ရောက်လာသူ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ လက်ရှိဆောင်ရွက်နေမှုများနှင့် လိုအပ်သည်များ ပြန်လည်တင်ပြဆွေးနွေးခဲ့ကြောင်းသိရသည်။
အေးအေးအောင်(ပြန်/ဆက်)