မိုင်းပန် စက်တင်ဘာ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ၂ဝ၂ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ယမန်နေ့ နံနက် (၉) နာရီအချိန် က အ.လက(ခွဲ) မြို့မကျောင်းတွင် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွားသင်တန်းကို ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို စက်တင်ဘာလ (၁၇) ရက်နှင့် (၁၈) ရက်နေ့အထိ ၂ ရက်ခွဲ၍ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ (၁)ရက်လျှင် သင်တန်းသား (၃ဝ) ဦးကိုသာ တက်ရောက် စေပြီး တက်ရောက်လာသူများအား ကိုယ်အပူချိန်တိုင်းခြင်း၊ နှာခေါင်းစည်းတပ်စေခြင်းနှင့် လက်ဆေးရည်များ အသုံးပြု၍ လက်ဆေးပြီးမှသာ သင်တန်းခန်းမအတွင်းသို့ ဝင်ရောက်စေခဲ့ကြောင်းနှင့် သင်တန်းသို့ မိုင်းပန်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာကော်မရှင် အဖွဲ့ခွဲရုံးများတွင် အဆင့်ဆင့်တာဝန် ထမ်းဆောင်နေသည့် ရပ်/ကျေး ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များမှ တက်ရောက်သင်ကြား လျက်ရှိကြောင်း သိရသည်။
ယမန်နေ့ သင်တန်းစတင်ဖွင့်လှစ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဟန်ဌေး တို့မှ အဖွင့်အမှာစကားပြောခြင်းနှင့် သင်တန်းအား မိတ်ဆက်ခြင်းတို့အား ပြောကြားခဲ့သည်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်၏ ဖွဲ့စည်းပုံတာဝန်နှင့် လုပ်ပိုင်ခွင့်များအား ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးထွန်းမှ သင်ကြားပို့ချခဲ့ပြီး မြို့နယ် ဆရာဝန် ဒေါက်တာတင်ခိုင်မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာများအား ပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ဥပဒေအရာရှိ ဦးသူရအောင်မှ ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေ (ပြစ်မှုပြစ်ဒဏ်) များအား ပို့ချခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဟန်ဌေးမှ နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ကျင့်ဝတ်၊ ပြည်တွင်း/ပြည်ပ ရွေးကောက်ပွဲလေ့လာသူများ နှင့် မဲဆွယ်စည်းရုံးရေးညွှန်ကြားချက်များ၊ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားဖြေရှင်းခြင်း စေ့စပ်ညှိနှိုင်းရေးကော်မတီများ ဖွဲ့စည်းခြင်းနှင့် ရွေးကောက်ပွဲ ကန့်ကွက်လွှာတင်သွင်းခြင်းဆိုင်ရာ သင်ခန်းစာများအား သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
ဆန်းမြင့်(ပြန်/ဆက်)