ဒဂုံဆိပ်ကမ်း နိုဝင်ဘာ ၄
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကထိန်အကြောင်း သိကောင်းစရာ (Talk Show)ကို ယမန်နေ့ မွန်းလွဲ (၁)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေး (Talk Show) ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးမဥ္ဇူက Talk show ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားပြီး ကထိန်ပွဲတော် ကျင်းပရခြင်း၏ မူလအစသည် ဗုဒ္ဓမြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်ကာလ ဓူတင်ဆောင်သော ပါဝေယျကတိုင်းသားရဟန်းတော် သုံးကျိပ်တို့၏ ဆင်းရဲပင်ပန်းမှုကို တွေ့မြင်တော်မူပြီးနောက် ကထိန်ခင်းရန် ခွင့်ပြုတော်မူခဲ့ခြင်းဖြစ်ကြောင်း၊ ကထိန်ဟူသော ဝေါဟာရသည် ပါဠိဘာသာအားဖြင့် ကထိနမှ ဆင်းသက်လာခြင်းဖြစ်ပြီးအနက် အဓိပ္ပာယ်အားဖြင့် ‘’မြဲမြံခိုင်ခံ့ခြင်း'' ဟူ၍ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်စန္ဒာက မြတ်စွာဘုရားရှင်က ကထိန်ခင်းပြီးသော ရဟန်းတို့ အကျိုးငါးပါးရမည်၊၊ကထိန်ကို ဤသို့ခင်းရမည်ဟူ၍ ဟောကြားတော်မူခြင်းဖြစ်ရာ ကထိန်ပွဲသည် ထူးခြားလေးနက်သော၊ဝိနည်း ပိဋကတ်အရ အလေးအမြတ်ပြုအပ်သော သာသနာတော်ဆိုင်ရာ အခမ်းအနားဖြစ်သကဲ့သို့ ကထိန်လှူသော အလှူရှင်တို့မှာ အရဟတ္တဖိုလ်ပေါက် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သည့်အထိ အကျိုးထူးရနိုင်သော ထူးကဲမွန်မြတ်လှသည့် အလှူပင်ဖြစ်ပါကြောင်း အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အေးမဥ္ဇူ(ပြန်/ဆက်)