နမ့်စန်တွင် ၁၄ နှစ်အောက် ကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲအုပ်စု မဲနှိုက်ရွေးချယ်

နမ့်စန်() နိုဝင်ဘာ ၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ၂၀၂၂ခုနှစ်၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ပညာရေးဌာန နှင့် မြို့နယ် OLD STAR အဖွဲ့တို့ကြီးမှူးကျင်းပသော Smile Place ဖလား အသက်(၁၄)နှစ်အောက် ကျောင်းပေါင်းစုံ  အမျိုးသားဘောလုံး ပြိုင်ပွဲအုပ်စုခွဲ မဲနှိုက်ရွေးချယ်ပွဲကို ယနေ့နေ့လည် ၁ နာရီ ခွဲက အမှတ်(၂)ရပ်ကွက်ရှိ မြို့နယ်ပညာရေးမှူးရုံးခန်းမတွင် ကျင်းပခဲ့ရာ မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်လင်းလင်းထိုက်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ မြို့နယ်နည်းစနစ်မှူး ဦးအေးချမ်းနိုင်နှင့် တာဝန်ရှိသူများ၊ မြို့နယ်အား/ကာကော်မတီဝင်များ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်က အသက်(၁၄)နှစ်အောက် ဘောလုံးပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး နည်းစနစ်မှူး ဦးအေးချမ်းနိုင်က ဘောလုံးပြိုင်ပွဲ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ တက်ရောက်လာကြသူများက အသက်(၁၄)နှစ်အောက် ကျောင်းပေါင်းစုံ  အမျိုးသားဘောလုံးပြိုင်ပွဲအတွက် အုပ်စုခွဲခြင်းကိုမဲနှိုက်၍ ဆောင်ရွက်ခဲ့ပြီး ပြိုင်ပွဲ ပွဲစဉ်ဇယား ရေးဆွဲခဲ့ကြသည်။

အဆိုပါ Smile Place ဖလား အသက်(၁၄)နှစ်အောက် ကျောင်းပေါင်းစုံ အမျိုးသားဘောလုံး ပြိုင်ပွဲကို နိုဝင်ဘာလ ၁၀ ရက်နေ့တွင် စတင်ကျင်းပ၍ အထက(ခိုလန်)အသင်းနှင့် မူလွန်(တာဆိုင်း)အသင်းတို့ အဖွင့်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်သွားမည်ဖြစ်ကာ အခြေခံပညာကျောင်းများမှ ပြိုင်ပွဲဝင်အသင်း ၁၇ သင်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

သူရအောင်(ပြန်/ဆက်)