ကျောက်ဆည် နိုဝင်ဘာ ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်မှုဖြင့် နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သော (၂၇) ကြိမ်မြောက် ဝန်ထမ်းပေါင်းစုံ စုပေါင်းမဟာဘုံကထိန်သင်္ကန်း ကပ်လှူခြင်း၊ စာရေတံမဲဖောက်ခြင်း၊ ရေစက်ချအခမ်းအနားကို ယနေ့မွန်းလွဲ(၁)နာရီက ဖောင်ရွာ ရပ်ကွက် နေလသုခဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားကို နမောတဿ (၃) ကြိမ်ရွတ်ဆိုဘုရားကန်တော့ပြီး မင်းကုန်းမဟာစာသင်တိုက် ဦးစီးပဓာနနာယက ဘဒ္ဒန္တဇနိတာဘိဝံသ (အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ) အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်အရှင်သူမြတ်တို့မှ ရွတ်ပွားသရဇျ္စာယ် ချီမြှင့်တော်မူသည့် အန္တရာယ်ကင်း ပရိတ်တရားတော်များအား နာယူကြည်ညိုခဲ့ကြသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးသိန်းက သာသနာရေးဆိုင်ရာများ လျောက်ထားခဲ့ပြီး မဟာဝိသုဓာရာမ(ဆူးကုန်း)ပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက ဘဒ္ဒန္ဒခေမိန္ဒာစာရ (အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ)မှ ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းမှုအား ဓမ္မဝိနယနှင့်အညီဆောင်ရွက်ပေးတော်မူရန် လျောက်ထားကာ ခရိုင်အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာအကြီးအကဲများက ဆရာတော်ကြီးများထံသို့ ကထိန်သင်္ကန်းများ ဆက်ကပ် လှူဒါန်းခဲ့ကြသည်။
ဆက်လက်ပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ရွှေစေတီပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီး ပဓာနနာယက၊ ဘဒ္ဒန္တပညာသာမိ (ဂန္တဝါစကပဏ္ဍိတ) အရှင်သူမြတ်မှ ဝန်ထမ်းပေါင်းစုံ စုပေါင်း မဟာဘုံကထိန်ဆက်ကပ်မှုများနှင့် ပတ်သတ်၍ ရှင်းလင်းမိန့်ကြားပြီး မင်းကုန်းမဟာစာသင်တိုက် ဦးစီးပဓာနနာယက ဘဒ္ဒန္တဇနိတာဘိဝံသ (အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ) အရှင်သူမြတ်ထံမှ လှူဒါန်းမှု အစုစုအတွက် အနုမောဒနာနှင့် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်းနှင့် ဉာတ်မကြီးပဒေသာပင် အား ကထိန်အလှူခံရရှိသော တံစိုးကျေးရွာ ရွာဦးကျောင်းဆရာတော်ထံ ကပ်လှူခဲ့ပြီး ပင့်သံဃာ တော်များအား ပဒေသာပင်များ မဲဖောက်ဆက်ကပ်ခဲ့ကြောင်း သိရသည်။
ဌာနဆိုင်ရာ ဝန်ထမ်းပေါင်းစုံ စုပေါင်းမဟာဘုံကထိန်ပွဲ၌ ဉာတ်မကြီးပဒေသာပင်အပါအဝင် စုစုပေါင်း ပဒေသာပင်(၅၆)ပင်တွင် ငွေသားတန်ဖိုး (၂၃,၁၉၇,၈၀၀) ကျပ်နှင့် ပစ္စည်းတန်ဖိုး (၁၂,၀၇၆,၂၀၀)ကျပ်၊ စုစုပေါင်း (၃၅,၂၇၄,၀၀၀) ကျပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)