သန်လျင်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး မီးသတ်ယာဉ်ဖြင့် လှည့်လည်အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်

သန်လျင် စက်တင်ဘာ ၁၈

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပေး နှိုးဆော်ခြင်းလုပ်ငန်းများအား ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များ ပူးပေါင်းကာ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက် ရှိရာ ယမန်နေ့ ည ၇ နာရီက မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်ဖြင့် ရောဂါကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရန်ကုန်တောင်ပိုင်းခရိုင် မီးသတ်ဦးစီးဌာန ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်လွင်ဦး၏ လမ်းညွှန်မှုဖြင့် သန်လျင်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင် များက သန်လျင်မြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကျန်းမာရေးထုတ်ပြန်ချက်များ၊ မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထုတ်ပြန်ကြေညာချက်များအား ပြည်သူများသိရှိနိုင်စေရန်နှင့် ရပ်ကွက်/ ကျေးရွာများရှိ ပြည်သူများ ရောဂါကာကွယ်ရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာခြင်းမပြုကြရန်၊ မဖြစ်မနေ ပြင်ပထွက်ခွာရပါက တစ်ဦးထက်မပို ပါးစပ်နှာခေါင်းစည်း Mask တပ်ဆင်ပြီးမှ ထွက်ခွာကြရန်၊ လူစုလူဝေးရှိရာသို့ မလိုအပ်ဘဲ (လုံးဝ) မသွားကြရန်၊ တစ်ဦးနှင့်တစ်ဦး အနည်းဆုံး ၆ ပေအကွာ နေထိုင်ကြရန်၊ တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ဗိုင်းရပ်စ်ပိုးများ ပျက်စီးစေရန်အတွက် လက်များအား စက္ကန့် ၂၀ ကြာ ရေနှင့်ဆပ်ပြာဖြင့် ဆေးကြောကြရန် အပါအဝင် သက်ဆိုင်ရာမှ ထုတ်ပြန်ချက်များအား သိရှိလိုက်နာနိုင်ရေးအတွက် မီးသတ်ယာဉ်ဖြင့် လှည့်လှည် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သန်လျင်မြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ ပိုးတွေ့ရှိသူများနှင့် သေဆုံးသူများ ရှိလာသဖြင့် ပြည်သူများမှ ကြိုတင်ကာကွယ်ရေးအတွက် သက်ဆိုင်ရာမှ အသိပေးနှိုးဆော် ထုတ်ပြန်ချက်များအား လိုက်နာပေးကြရန်နှင့် ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ပေးကြပါရန် မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ နှိုးဆော်ထားကြောင်း သိရသည်။

သက်ခိုင် (သန်လျင်)