စဉ့်ကိုင် နို၀င်ဘာ ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ဆီဆုံကျေးရွာ၊ ဂတ်စ်ဆိုင်အနီးရှိ ကုက္ကိုပင်သည် ယနေ့မွန်းတည့် (၁၂) နာရီခန့်တွင် ခရီးသွားယာဉ်ပေါ်သို့ လဲကျခဲ့ရာ တာ၀န်ရှိသူများက သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းလျက်ရှိကြောင်း သိရသည်။
ဆီဆုံရွာအနီးပလိပ်ကျေးရွာနှင့် စဉ့်ကိုင်သို့ ဆက်သွယ်ထားသော ကားလမ်းမဟောင်း (ဂတ်စ်) အနီး စျေးတန်း၌ ယာဉ်မောင်း ဦးဇော်(ဘ)ဦးသောင်း၊ အေးမြကြည်လင်ရပ်ကွက်နေသူ မောင်းနှင် လာသော ခဲရောင်ယာဉ်အားရပ်တန့်၍ စျေး၀ယ်ရန်ကားပေါ်မှအဆင်း အနီးရှိ ကုက္ကိုပင်သည် ယာဉ်ပေါ်လဲကျခဲ့ရာ ယာဉ်ပေါ်တွင် လိုက်ပါလာသော ကျား(၃)ဦး၊ မ(၃)ဦး၊ စုစုပေါင်း (၆)ဦးတို့ ထိခိုက်မှုမရှိကြောင်း သိရသည်။
အဆိုပါ သစ်ပင်လဲကျနေမှုအား လေကြောင်းအရန်ကာကွယ်ရေးတပ်အမှတ် (၃၀၂၇) မှ ဗိုလ်ကြီး ဇေပြည့်ဖြိုးနှင့် တပ်ဖွဲ့၀င်များ၊ ပလိပ်နယ်မြေရဲစခန်းမှ ရဲအုပ်ကျော်အုံးဆွေနှင့် ရဲတပ်ဖွဲ့၀င်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးကြည့်ဇော်ထိုက်နှင့် မီးသတ်တပ်ဖွဲ့၀င်များ ပူးပေါင်း၍ လဲကျနေသည့် ကုက္ကိုပင်အား သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ကားလမ်း ခေတ္တပိတ်ဆိုထားမှုအား အမြန်သွားလာနိုင်ရေး ဖယ်ရှားရှင်းလင်းလျက်ရှိကြောင်း သိရသည်။
၀င်း၀င်းသန်း(စဉ့်ကိုင်)