မုဒုံမြို့နယ်အတွင်းရှိ တောင်သူများအတွက် ဓာတ်မြေသြဇာများကို စျေးနှုန်းချိုသာစွာ ဖြင့်ရောင်းချပေး

မုဒုံ နိုဝင်ဘာ ၄

မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ တောင်သူများစပါးသီးနှံစိုက်ပျိုးမှုနှင့်အခြားစိုက်ပျိုး ရေးကဏ္ဍများ၌ အောင်မြင်ဖြစ်ထွန်းစေရန် မြန်မာ့ရေနံနှင့် ဓာတုဗေဒလုပ်ငန်းမှ ထုတ်လုပ်သည့် ယူရီးယားဓာတ်မြေသြဇာကို ပြည်နယ်အစိုးရ၏ လမ်းညွှန်မှုဖြင့် ယနေ့ နံနက်ပိုင်းက တတိယအသုတ်အဖြစ် ရောင်းချပေးလျက်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

စိုက်ပျိုးရေးသွင်းအားစုတစ်ခုဖြစ်သည့် ဓာတ်မြေသြဇာများကို ယခုနှစ်မိုးစပါးစိုက်ပျိုး ရာသီချိန်မှစ၍ မြို့နယ်အတွင်းရှိတောင်သူများကို သက်သာသောစျေးနှုန်းဖြင့်  ရောင်းချပေးခဲ့ခြင်းကြောင့် မိုးစပါးလျာထားစိုက်ဧက ၇၆၇၇၅ ဧကထက် ကျော်လွန်စိုက်ပျိုး နိုင်ခဲ့ပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ နွေစပါးအပါအဝင် အခြားသီးနှံပင်များ တွင်လည်း ဒေသခံတောင်သူများအနေဖြင့် မိမိတို့၏ လယ်ယာဥယျာဉ်ခြံမြေအတွက် လိုအပ်သည့် ယူရီးယားဓာတ်မြေသြဇာများကို  အချိန်ကိုက် အချိုးကျ အဆင်ပြေစွာ ထည့်သွင်းနိုင်ခြင်းဖြင့် သီးနှံအထွက်နှုန်း ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း တာဝန်ရှိ သူတစ်ဦးကပြောသည်။

အဆိုပါ ယူရီးယားဓာတ်မြေသြဇာများကို မြို့နယ်အတွင်းရှိ ကျေးရွာခြောက်ရွာမှ လယ်ဧက ၁၆၁၂ ဧကအတွက် တောင်သူဦးရေ ၂၀၀ ကျော်အား ယူရီးယားဓာတ်မြေ သြဇာ ၉၅၄ အိတ်ကို တစ်အိတ်လျှင် ၃၂၆၀၀ ကျပ်ဖြင့် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သားငယ် (ပြန်/ဆက်)