ကျောက်တော် နိုဝင်ဘာ ၄
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးစီးကျင်းပသော မြို့နယ်ဌာနဆိုင်ရာများ စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာ အခမ်းအနားကို ယမန်နေ့နေ့လယ် ၁ နာရီအချိန်က မြို့နယ်သံဃနာယကရုံး ၊သိမ်ပြင်ကျောင်းတိုက်ရှိ ဓမ္မဉယျဉ် ဗိမာန်တော်ကြီးအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီးနောက် မြို့နယ်သံဃ နာယကအဖွဲ့ ဥက္ကဋ္ဌ ကသစ်တောကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသောဘန(မဟာ သဒ္ဓမ္မဇောတိကဓဇ) ဆရာတော်ဘုရားကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။
ထို့နောက် ကြွရောက်တော်မူကြသော ဆရာတော်၊သံဃာတော် အရှင်သူမြတ်များထံမှ မေတ္တာသုတ်ပရိတ်တရားတော်မြတ်အား နာယူဆောက်တည်ကြပြီးနောက် ပန်းတက် မော်ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တကဝိန္ဒ(ဓမ္မာစရိယ) အရှင်သူမြတ်အား ကထိန်မသင်္ကန်း အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကျောက်တော်မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးသိန်းမောင်မှဆက်ကပ် လှူဒါန်းခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက ကထိန်လျာသင်္ကန်းနှင့်လှူဖွယ်ဝတ္တုများကို ဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ကသစ်တောကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသောဘန(မဟာ သဒ္ဓမ္မ ဇောတိကဓဇ) ဆရာတော်ဘုရားကြီးထံမှ ကထိန်အနုမောဒနာတရားတော် နာယူကြသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေပြီးနောက် အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုပူဇော်၍ အခမ်းအနားကို ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
ခင်မောင်ထွန်း