ဆီဆိုင်မြို့၌ အမှတ်(၁)အခြေခံပညာအထက်ကျောင်းမိသားစုမှ ကထိန်သင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

ဆီဆိုင် နိုဝင်ဘာ ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် အမှတ်(၁)အခြေခံပညာအထက်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများဖြစ်ကြသည့် ပညာရေးမိသားစုတို့မှ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၉ နာရီခွဲက မြကန်သာရပ်ကွက်ရှိ ဇဝနာရာမစာသင်ကျောင်းတိုက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့သို့ ဆက်ကပ်လှူဒါန်းရာတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဦးမေ၊ ဆရာ/ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများက ဩကာသကန်တော့ကျိုးဖြင့် ကန်တော့၍ ဆရာတော်၊ သံဃာတော်များထံမှ ငါးပါးသီလနှင့် ပရိတ်တရားတော်များကို နာယူဆောက်တည်ကြသည်။ ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ဆရာမများက ဆရာတော်၊ သံဃာတော်များအား ကထိန်သင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းပြီးနောက် ကထိန်အနုမောဒနာတရားနာယူပြီး လှူဒါန်းမှုအစုစုတို့ကို ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)