ပျဉ်းမနားမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး

ပျဉ်းမနား နိုဝင်ဘာ ၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေကြသည့် တောင်သူများအတွက် သွင်းအားစု လုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၂ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးစရိတ် ချေးငွေများကို သတ်မှတ်အုပ်စုများအလိုက် ထုတ်ချေးပေးလျက်ရှိရာ ယနေ့မွန်းလွဲ ၁ နာရီအချိန်က ပျဉ်းမနားမြို့နယ်၊ သစ်လေးလုံး ကျေးရွာအုပ်စုအတွင်းရှိ တောင်သူများအား ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ချေးငွေလာရောက်ထုတ်ယူကြသည့် တောင်သူများအား ပျဉ်းမနားမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာ ဒေါ်နန့်တင်စန်း က “လယ်ယာလုပ်ငန်းခွင်သို့ဝင်ကြမည့် တောင်သူများအတွက် အချိန်နှင့်တစ်ပြေးညီ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင် စေရန်နှင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ပေးခြင်း ဖြစ်ကြောင်း “ ပြောကြားခဲ့သည်။

ပျဉ်းမနားမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ အချိန်စေ့ရောက်ချေးငွေပြေကြေသူများကို  ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိရာ ယနေ့တွင် သစ်လေးလုံးကျေးရွာအုပ်စုအတွင်းရှိ တောင်သူ(၁၁၄)ဦးတို့၏ မတ်ပဲစိုက်ပျိုးဧက (၅၉၂)ဧက အတွက် တစ်ဧကလျှင်(၁)သိန်းကျပ်နှုန်းဖြင့် ငွေကျပ်(၅၉၂)သိန်းကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာ ကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)