နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာဖတ်ဝိုင်း ဆွေးနွေးပွဲ ပြုလုပ်

နောင်ချို နိုဝင်ဘာလ ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း Book Club၊ Women Club နှင့် Youth Club အသင်းတို့ ပူးပေါင်း၍ စာရေးဆရာ ခင်စောတင့်ရေးသားထားသော “ဘဝအသစ်ရဲ့အစများ ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက  စာဖတ်ဝိုင်းပြုလုပ်ရခြင်းနှင့်ပတ်သက် ၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်ရာ စာပေချစ်မြတ်နိုးသူများ Book Club အသင်း အဖွဲ့ဝင် ဦးဉာဏ်ကျယ်၊ ဦးမြို့ကျော်နှင့် Youth Club အဖွဲ့ဝင် မောင်စည်သူဇော်တို့က စာရေးဆရာမ ခင်စောတင့်၏ ဘဝအသစ်ရဲ့အစများ စာအုပ်ပါအကြောင်းအရာများကို အသီးသီး ဆွေးနွေးကြရာ တက်ရောက်လာကြသော စာပေချစ်သူများက ၎င်းတို့ ဖတ်ရှုထားသည့် အကြောင်းအရာများ၊ ထင်မြင်ယူဆချက်များကို မိမိတို့ဘဝနှင့်ယှဉ်၍ ရရှိထားသော အသိပညာဗဟုသုတများဖြင့် ပေါင်းစပ်၍ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဖွဲ့စည်းထားသော (Club) အဖွဲ့များဖြင့်လည်းကောင်း၊ စာပေဝါသနာရှင်များဖြင့်လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)၌ လစဉ်ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)