မိတ္ထီလာမြို့ ဓမ္မသုခရွှေစည်းခုံစေတီတော်တွင် တန်ဆောင်တိုင်ဆီမီးတစ်ထောင်ပူဇော်ပွဲကျင်းပမည်

မိတ္ထီလာ နိုဝင်ဘာ ၄

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ မိတ္ထီလာကန်ဦးကန်ထိပ်တွင် တည်ထားကိုးကွယ်သော ဓမ္မသုခရွှေစည်းခုံစေတီတော်တွင် တန် ဆောင်တိုင်ဆီမီးတစ်ထောင်ပူဇော်ပွဲကို သုံးရက်တိုင်ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း အဆိုပါစေတီတော်ဂေါပကအဖွဲ့ဥက္ကဋ္ဌထံက သိရသည်။

နှစ်စဉ်တန်ဆောင်မုန်းလတန်ဆောင်တိုင်ပွဲတော်ကာလ တိုင်းကျင်းပမြဲဖြစ်တဲ့ ဓမ္မသုခရွှေစည်းခုံ စေတီတော်ရင်ပြင်တော်မှာ ဆီမီးတစ်ထောင်ပူဇော်ပွဲကို တန်ဆောင်းမုန်လဆန်း ၁၄ ရက်၊ တန်ဆောင်မုန်း လပြည့်နေ့နဲ့လပြည့်ကျော်တစ်ရက်နေ့တွေမှာ သုံးရက်တိုင် ထွန်းညှိပူဇော်ပြုလုပ် သွားမှာပါ။ နိုဝင်ဘာလ ၆ရက် ၊ ၇ ရက် ၊ ၈ ရက်နေ့ များမှာ နေ့စဉ်ညနေ  ၅ နာရီ ၄၅ မိနစ်ခန့်က စတင်ပြီး ဆီမီးတစ်ထောင်ထွန်းညှိပူဇော်ပွဲကို စတင်ကျင်းပမှာပြုလုပ်မှာဖြစ်ပါတယ်။ ဆီမီးတစ်ထောင်ပူဇော်ထွန်းညှိဖို့အတွက် ဒေသခံစေတနာရှင်အလှူရှင်မိသားစု ၃ စု က လှူဒါန်းပူဇော်တာ ဖြစ်ပါတယ်ဟု ဓမ္မသုခရွှေစည်းခုံ စေတီတော်ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းဇော်မိုးက ပြောသည်။

မိတ္ထီလာမြို့တွင် တန်ဆောင်တိုင်ပွဲတော်ကာလ၌  သမိုင်းဝင်ရွှေမြင်တင်စေတီတော်၊ ဇေယျမုနိ ကျောက်တော်ကြီးဆုတောင်းပြည့်ဘုရားနှင့် ဘုရားစေတီတော်များတွင် ဆီမီးထွန်းညှိပူဇော်ခြင်းများကို အလှူရှင်စေတနာရှင်များက စုပေါင်းထွန်းညှိပူဇော်မည်ဖြစ်ပြီး နဂါးမဟာဗောဓိစေတီတော်တွင် မသိုးသင်္ကန်း ပြိုင်ရက်ပူဇော်ပွဲနှင့် ဆွမ်းသပိတ်လောင်းလှူပွဲကိုလည်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 ချမ်းသာ