သာကေတ နို၀င်ဘာ ၄
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် (၄:၀၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာဝင်းက ယာဉ်အန္တရာယ်လမ်းအန္တရာယ် ကင်းရှင်းရေးအဖွဲ့ကို ဌာနဆိုင်ရာမှ တာ၀န်ရှိသူများနှင့် ဖွဲ့စည်းတာဝန်ပေးပြီးဖြစ်ကြောင်း၊ အဖွဲ့၏အစည်းဝေးကို လစဉ်တစ်လလျှင်တစ်ကြိမ် ကျင်းပသွားမည်ဖြစ်ကြောင်း၊ အခြေခံကျောင်းများတွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုများ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပြီး ယခုအချိန်အထိ(၆)ကြိမ် ဆောင်ရွက် ပြီးဖြစ်ကြောင်း၊ ပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေ၍ ပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့် ပြန့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လမ်းဆုံ၊ လမ်းခွများတွင် ယာဉ်ကြောပိတ်ဆို့မှုမဖြစ်စေရေးတို့ကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
ဆက်လက်၍ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲမှူးအောင်ဇော်ထွန်းက လမ်းအသုံးပြုရာတွင် လိုက်နာရမည့်အချက်များ၊ ယာဉ်တိုက်မှုမဖြစ်ပွားအောင် လျော့ကျအောင်ယာဉ်စစ်ဆေးခြင်းများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ စည်းကမ်းမဲ့ယာဉ်များနှင့် ဆိုင်ကယ်များကို ဖမ်းဆီးနိုင်မှုအခြေအနေများကို ပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ဇော်ဝင်းထွန်းက အဖွဲ့အနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရေး အသိပညာပေး စာစောင်ဖြန့်ဝေပေးခြင်း၊ အခြေခံပညာကျောင်းများတွင် တစ်ပတ်လျှင်နှစ်ကြိမ် အသိပညာပေး ဟောပြောခြင်းများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး အစည်းအဝေးတက်ရောက်သည့် တာဝန်ရှိသူများမှ ကဏ္ဍအလိုက် ပြန်လည်ဆွေးနွေးကာ အစည်းအဝေး ကိုရုတ်သိမ်းခဲ့ကြောင်း သိရသည်။
မို့မို့သူ ( ပြန်/ဆက်)