သိန္နီမြို့တွင် မိုးရာသီအေရိုးဗစ်သင်တန်း Fitness Dance သင်တန်းဆင်းပွဲနှင့် ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

သိန္နီ နိုဝင်ဘာ ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ မိုးရာသီ အေရိုးဗစ်သင်တန်း Fitness Dance သင်တန်းအား အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်ခဲ့ရာ သင်တန်းဆင်းပွဲနှင့် ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိုးရာသီ အေရိုးဗစ်သင်တန်း Fitness Dance သင်တန်းတွင် တက်ရောက်သင်ကြားခဲ့ကြ သော သင်တန်းသူများက အေရိုးဗစ်ပြိုင်ပွဲတွင် အဖွဲ့(၃)ဖွဲ့မှလည်းကောင်း၊ Fitness Dance ပြိုင်ပွဲတွင် အဖွဲ့(၄)ဖွဲ့မှလည်းကောင်း အသီးသီးပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ထို့နောက် ပြိုင်ပွဲများတွင် ဆုရရှိခဲ့သောအဖွဲ့များအား တာဝန်ရှိသူများက အသီးသီးဆုများချီးမြှင့်ပေးအပ်ခဲ့သည်။ ဆက်လက်၍ ဒုမြို့နယ်ပညာရေးမှူး ဦးအောင်မျိုးက ယခုလိုသင်တန်းတန်းများ ဖွင့်လှစ်သင်ကြားပေးခြင်း၊ ပြိုင်ပွဲများပြုလုပ်ပေးခြင်း၊ ဆုများချီးမြှင့်ပေးအပ်ခြင်းများအတွက် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများအား ကျေးဇူးတင်ရှိပါကြောင်း၊ လူငယ်များအနေဖြင့် ပညာရေး၊ ကျန်းမာရေးဘက်စုံထူးချွန်အောင် ကြိုးစားရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။ လူငယ်များကျန်းမာသန်စွမ်းပြီး အားကစားလေ့လာလိုက်စားလာစေရန်နှင့် ဘက်စုံထူးချွန်စေရန်အတွက် ရည်ရွယ်၍ အဆိုပါသင်တန်းအား ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ပပဝင်းထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)