မတ္တရာမြို့နယ်၌ ၃၃ ကြိမ်မြောက် ဌာနဆိုင်ရာ ဝန်ထမ်းပေါင်းစုံ မဟာဘုံကထိန် ကျင်းပ

မတ္တရာ နိုဝင်ဘာ

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်ရှိ ဌာနဆိုင်ရာများ စုပေါင်း၍ ကျင်းပပြုလုပ်သော ၃3 ကြိမ်မြောက် ဝန်ထမ်းပေါင်းစုံမဟာဘုံကထိန် ယမန်နေ့နံနက် ၇နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ လှည့်လည်အကြည်ညိုခံရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့မှ စတင်၍ ကထိန်ဥတ်မကြီးနှင့် အရံပဒေသာပင်များကို မြို့တွင်းသို့ လှည့်လည်အကြည်ညိုခံ၍ မဲကျရာ မတ္တရာမြို့ အမှတ်(၅)ရပ်ကွက် ထန်းတောကျောင်းတိုက်သို့ ပို့ဆောင်ခဲ့သည်။ ထို့နောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး ဗောဓိကျောင်း ဆရာတော် ဦးဝိစိတ္တထံမှ ငါးပါးသီလခံ ယူဆောက်တည်ခဲ့ကြကာ ဆရာတော် သံဃာတော်များမှ ပရိတ်တရားတော်များချီးမြှင့်ခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းနှင့် အဖွဲ့ဝင်များမှ ဥတ်ကထိန်သင်္ကန်းကို သံဃာတော်များအား ရည်မှန်း၍ ထန်းတောကျောင်းတိုက်ဆရာတော် အား ဆက်ကပ် လှူဒါန်းခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများမှ ပင့်သံဃာတော်များအား လှူဖွယ်ပစ္စည်း ကပ်လှူကြသည်။ ဆက်လက်၍ ဗောဓိကျောင်းဆရာတော် ဦးဝိစိတ္တထံမှ ကထိန်ရေစက်ချ အနုမောဒနာတရားကို နာယူပြီး လှူဒါန်းမှူအစုစုတို့အတွက် ရေစက် သွန်းချ အမျှပေးဝေခဲ့ကြ သည်။

ယခုနှစ်တွင် ကထိန်ဥတ်မကြီးနှင့် ပဒေသာပင်များတန်ဖိုးမှာ ငွေသားတန်ဖိုး ၁၀၀၂၂၀၀၀ နှင့် ပစ္စည်းတန်ဖိုး ကျပ် ၁၆၈၁၈၀၀ စုစုပေါင်းတန်ဖိုး ကျပ် ၁၁၇၀၃၈၀၀ အား လှူဒါန်းနိုင်ခဲ့ကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)