တပ်ကုန်းမြို့၌ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

တပ်ကုန်း နိုဝင်ဘာ ၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့သည် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ အသေးစားအလတ်စားလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ၏ သား/သမီးများ၊ ဒေသခံပြည်သူများ၏ သား/သမီးများ Naypyitaw  State Academy တက္ကသိုလ်အား ကျောင်းအပ်သင်ကြားနိုင်ရေး၊ ဒေသထွက်ပစ္စည်းကုန်ကြမ်းများအား ကုန်ချောအဖြစ်ထုတ်လုပ်ဆောင်ရွက်နိုင်ရေး၊ လယ်မြေများကို အခြားသုံးစွဲခြင်းမပြုလုပ်ရေး၊ အိမ်ထောင်စု ပုံစံ(၆၆)ပြုလုပ်နိုင်ရေး၊ စိုက်ပျိုး​နှင့်မွေးမြူရေး ပိုမိုဖွံ့ဖြိုးရေးနှင့် စသည့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက် ရောက်သည့်ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိဌာနတွင် ဆောင်ရွက်နေသော လုပ်ငန်းအခြေအနေများနှင့်ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်​ပြခဲ့ပြီးနောက် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများက သိရှိလိုသည်များမေးမြန်းကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်