"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်၌ (၁၀၂)မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ ကျင်းပ

ဟိုပန် နိုဝင်ဘာ ၄

"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် (၁၀၂)မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဟိုပန်ခရိုင် ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းအောင်က အသိပညာပေးဟောပြောပွဲကို အနာဂတ်တွင် ထူးချွန်ထက်မြက်သည့် ကျောင်းသား/သူများ ဖြစ်လာစေရန်နှင့် နိုင်ငံတော်၏ သမိုင်းကြောင်းများကို သိရှိနားလည်ပြီး အမျိုးဘာသာ၊ သာသနာကို ကာကွယ်စောင့်ရှောက်၍ အမျိုးသားယဥ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းခြင်း၊ အမျိုးသားရေးအကျိုးစီးပွားကို သယ်ပိုးဆောင်ရွက်နိုင်မည့် မျိုးချစ်စိတ်ဓာတ်များ အစဉ်ထာဝရကိန်းအောင်းကြစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားကာ အမျိုးသားအောင်ပွဲနေ့ ပေါ်ပေါက်လာပုံသမိုင်းကြောင်းကို အကျယ်တဝင့် ဟောပြောခဲ့သည်။

ဆက်လက်၍ ဟိုပန်မြို့နယ်၊ ရုံးကုန်းရပ်ကွက်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကေသွယ်ချမ်းက" အမျိုးသားနေ့တို့မမေ့" ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကဗျာ၊ ဆောင်ပါး၊ ဆောင်ပုဒ်နှင့်ကာတွန်းများပါဝင်သည့် အသိပညာပေးနံရံကပ်စာစောင်နှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ အချက်အလက်များ စသည့် အသိပညာပေးနံရံကပ်စာစောင်များကို ပြသခဲ့ရာဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား/သူများက စိတ်ဝင်တစား ကြည့်ရှု့လေ့လာခဲ့ကြောင်း သိရသည်။

ဇင်ဇင်(ပြန်/ဆက်)