စဉ့်ကူးမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံ လျှပ်စစ်ပြုပြင် ထိန်းသိမ်းနည်း သင်တန်းဖွင့်လှစ်

စဉ့်ကူး နိုဝင်ဘာ  ၄

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံ လျှပ်စစ်ပြုပြင်ထိန်းသိမ်းနည်း သင်တန်း ဖွင့်ပွဲကို ယနေ့နံနက်(၁ဝ)နာရီက စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့​သည်။

ရှေးဦးစွာ သပိတ်ကျင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်စိုးက အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခြေခံ လျှပ်စစ်ပြုပြင်ထိန်းသိမ်းနည်း သင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် စဉ့်ကူးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းကိုဦးက သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်း နည်းပြဆရာက သင်တန်းသားများအား ကြိုးစားအားထုတ်၍ အမှန်တကယ် တတ်မြောက်အောင်  သင်ယူကြစေလိုကြောင်း ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းဖွင့်ပွဲသို့ သပိတ်ကျင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်စိုး၊ စဉ့်ကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနန်းကိုဦး၊ စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးနိုင်အောင်စိုးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်း သားများ တက်ရောက်ခဲ့​ကြသည်။

အဆိုပါသင်တန်းသို့ ကျေးရွာ(၈)ရွာမှ သင်တန်းသား(၁၀)ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ (၄.၁၁.၂၀၂၂)ရက်နေ့မှ (၁၈.၁၁.၂၀၂၂) ရက်နေ့ထိ (၁၅)ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်အောင်စိုးထံမှ သိရသည်။

တင်ဇာလွင် (ပြန်/ဆက်)