မချမ်းဘော့မြို့၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အလှူရှင်များ၏ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာပွဲကျင်းပ

မချမ်းဘော့ နိုဝင်ဘာ ၄  

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍  မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ မချမ်းဘော့မြို့ အမှတ်(၁၃၇) ခြေလျင်တပ်ရင်း မိသားစုများနှင့် အလှူရှင်များ၏ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာပွဲတော်ကို ယနေ့ နံနက် ၇ နာရီခွဲက ထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို) တောင်တန်းကျောင်း၌ ကျင်းပသည်။

အခမ်းအနားတွင် တက်ရောက်လာကြသော ဆရာတော် သံဃာတော်များနှင့် ဧည့်ပရိတ်သတ်များက "နမောတဿ" သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား စတင်ဖွင့်လှစ်ခဲ့ပြီး ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ ပူတာအို တောင်တန်းသာသနာပြု ကျောင်းမိုးကုတ်နယ်လှည့် ဓမ္မကထိက အောင်လံဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြကာ မေတ္တာသုတ်တရားတော် မြတ်အား နာယူပူဇော်ကြသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းနှင့် အဖွဲ့ဝင်များက အလှူရှင်များ ကိုယ်စား ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များထံ ကထိန်လျာ ဉာတ်သင်္ကန်း၊ အခြံအရံ သင်္ကန်းများနှင့် လှူဖွယ်ဝတ္ထုများကို ဆက်လက်လှူဒါန်းကြကာ ပူတာအိုတောင်တန်း သာသနာပြုကျောင်း မိုးကုတ် နယ်လှည့်ဓမ္မကထိက အောင်လံဆရာတော်ထံမှ "ကထိန်ဘာကြောင့် ခင်းရတယ်" ကထိန်အနုမောဒနာ တရား နာယူကြပြီး လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

အဆိုပါ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာတွင် မြို့နယ်ဌာနဆိုင်ရာများ၊ အမှတ်(၁၃၇) ခြေလျင် တပ်ရင်းမိသားစုများနှင့် အလှူရှင်များမှ စုပေါင်းလှူဒါန်းခဲ့ကြသည့် ကထိန်လျာဉာတ် သင်္ကန်း၊ အခြံအရံ သင်္ကန်းများနှင့် လှူဖွယ်ဝတ္ထုများ၏ စုစုပေါင်း တန်ဖိုးငွေကျပ်သိန်း (၂၀၈၆၀၀၀) တို့ကို ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

ယောရွှေနီ(မချမ်းဘော့)