မိုင်းရယ်မြို့ လူထုအခြေပြုဗဟိုဌာနတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး Talk show ပြုလုပ်

မိုင်းရယ် နိုဝင်ဘာ ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍  မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး Talk show ကို ယမန်နေ့နံနက် ၁၁ နာရီက လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်သည်။

အဆိုပါ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး Talk show တွင် ဒု/မီးသတ်ဦးစီးမှူး စိုင်းလောင်ခမ်းက မီးသတ်ဦးစီးဌာန၏ ရည်ရွယ်ချက်ဖြစ်သည့် မီးလောင်မှုမဖြစ်ပွားစေရေး ကြိုတင်ကာကွယ်နိုင်ရန်နှင့် မီးလောင်မှုနှင့်ကြုံတွေ့လာသည့်အခါ ရှေးဦးမီးငြှိမ်းသတ်နိုင်ရေးတို့ကိုလည်းကောင်း၊ မီးလောင်မှုမဖြစ်ပွားစေရေးအတွက် မိမိနေအိမ် ပတ်ဝန်းကျင်သန့်ရှင်းရေးပြုလုပ်ခြင်း၊ မီးတားလမ်းများဖောက်လုပ်ခြင်း၊ နေအိမ်အတွင်း လျှပ်စစ်ပစ္စည်းသွယ်တန်းမှုများပြုလုပ်ခြင်း၊ ဂတ်(စ်)မီးဖိုများအသုံးပြုပါက ဆောင်ရန်၊ ရှောင်ရန် အချက်များ၊ ထင်းနှင့်မီးသွေးများ အသုံးပြုပါက နေအိမ်နံရံနှင့်နီးကပ်စွာအသုံးပြုခြင်းမှ ရှောင်ကျဉ်ရန်၊ မိမိနေအိမ်နှင့် စက်ရုံအလုပ်ရုံများ စက်မှုလက်မှုလုပ်ငန်းများတွင် အရေးပေါ်မီးငြှိမ်းသတ်ရေးပစ္စည်းကိရိယာများ၊ မီးချိတ်မီးကပ်၊ သဲပုံး၊ ရေပုံးများ ပြုလုပ်ဆောင်ရွက်ထားရှိသင့်ကြောင်း စသည်တို့ကိုဆွေးနွေးပြောကြားခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းရယ်မြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် မိုင်းရယ်ပြည်သူ့စာကြည့်တိုက် Facebook Page မှ အသိပညာပေး Talk Show များ၊ ကလေးငယ်များအတွက် ပုံပြင်ကဏ္ဍများ၊ အထွေထွေဗဟုသုတများကို စဉ်ဆက်မပြတ် လွှင့်တင်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)