ရပ်စောက်၌ အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်

ရပ်စောက် နိုဝင်ဘာ ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် ပညာရေးဝန်ကြီးဌာန၊ အခြေခံ ပညာဦးစီးဌာန၏ကြီးကြပ်မှုဖြင့် ၂၀၂၂ -၂၀၂၃ ပညာသင်နှစ် အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ၏ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ရပ်စောက်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ကျောက်စိမ်းခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ရပ်စောက်မြို့နယ်ပညာရေးမှူး ဦးမြင့်မှ အဖွင့်အမှာစကား ပြောကြားပြီး  စီမံရေးရာနှင့်ပတ်သက်သော အကြောင်းအရာများကိုလည်းကောင်း၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးဘုန်းမြင့်နှင့် ဦးတင်မောင်အုန်းတို့က ဘဏ္ဍာရေးရာများနှင့် ပညာရေးစီမံကိန်းများ ကြီးကြပ် အကဲဖြတ်ခြင်းနှင့်ပတ်သက်သော အကြောင်းအရာများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ရပ်စောက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ (ထက်၊ လယ်၊ မူ) ကျောင်းအုပ်ကြီးများ စုစုပေါင်း (၂၃၆)ဦး တက်ရောက်မည်ဖြစ်ပြီး နည်းပြဆရာ (၃)ဦးတို့က ဝန်ထမ်းနှင့်ကျောင်းသားရေးရာ၊ အုပ်ချုပ်ရေး၊ ငွေစာရင်းထိန်းသိမ်းနည်း၊ အဆောက် အဦနှင့်ပြင်ထိန်းကိစ္စရပ်များ၊ မှုခင်းများမဖြစ်ပေါ်စေရေးနှင့် လျော့နည်းစေရန် ကိစ္စရပ်များ၊ ကျောင်း သင်ကြားရေးဆိုင်ရာများ စသည့် ဘာသာရပ်များကို ဆွေးနွေးပို့ချပေးမည်ဖြစ်ပြီး သင်တန်းကာလ မှာ နိုဝင်ဘာ ၃ ရက်နေ့မှ ၄ ရက်နေ့အထိ နံနက် ၉ နာရီမှ ညနေ ၄နာရီ ၃၀ မိနစ်အထိ ၂ ရက်ကြာ ဆွေးနွေးပို့ချမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)