ကျောက်ဆည်မြို့နယ်တွင် ကုန်စည်စီးဆင်းမှုမြန်ဆန်ရေး ကျောက်ဆည်-ဖျောက်ဆိပ်ပင်-ရဲရွာလမ်း၌ ကျဉ်းမြောင်းနေသည့် လမ်းပိုင်းနေရာအား တိုးချဲ့ခြင်းဆောင်ရွက်

ကျောက်ဆည် နိုဝင်ဘာ ၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်လမ်းဦးစီးဌာနမှ မြိုပြနှင့်ကျေးလက် ကွာဟမှုမရှိစေရေး လမ်း၊ တံတားများ တည်ဆောက်ပေးခြင်း၊ ပြန်လည်ပြုပြင်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကုန်စည်စီးဆင်းမှုမြန်ဆန်ရေး ကျောက်ဆည်-ဖျောက်ဆိပ်ပင်-ရဲရွာလမ်း၌ ကျဉ်းမြောင်းနေသည့် လမ်းပိုင်း‌နေရာအား တိုးချဲခင်းပေးလျက်ရှိရာ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီပြီဖြစ်ကြောင်း သိရှိရသည်။

ကျဉ်းမြောင်းနေသည့် လမ်းပိုင်း‌နေရာအား ပြန်လည်တိုးချဲ့ခင်းခြင်းလုပ်ငန်းများကို ပြည်ထောင်စုခွင့်ပြု ရန်ပုံငွေကျပ် (၁၀၆.၈၀၀) သန်းဖြင့် မိုင်တိုင်အမှတ် (၁.၄) ကီလိုမီတာနှင့် (၂.၂) ကီလိုမီတာအတွင်းရှိ လမ်းပိုင်းအရှည် (၁.၈) ကီလိုမီတာဖြစ်ပြီး မူလ (၅.၅) မီတာအကျယ် ကတ္တရာလမ်းအား အခြေခံအလွှာ အဖြစ် တစ်ဖက်လျှင် (၆.၁) မီတာအကျယ်၊ (၁၅၀) မီလိမီတာထု (၂)လွှာ ခင်းကြိတ်ပေးပြီး ဒုအခြေခံ လွှာအဖြစ် တစ်ဖက်လျှင် (၀.၆) မီတာအကျယ်၊ (၂၂၅) မီလိမီတာထု ချဲ့ခင်းပေးခြင်း၊ အပွန်းခံအလွှာ အဖြစ် (၅.၅) မီတာအကျယ်၊ (၇၅) မီလိမီတာထုခင်းခြင်းနှင့် ရေပိတ်လွှာခင်းခြင်း၊ ဂျင်ကျောက်မြေလမ်း ပုခုံးခင်းခြင်းများ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ် လမ်းဦးစီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် မြင့်မားလာစေရန်အတွက် လမ်းများ၊ တံတားများ၊ လူနေထိုင်ရာအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက် စေရန်၊  သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် အချိန်ကုန်သက်သာပြီး ကုန်ကျမှုစရိတ်သက်သာစေရန် နှင့် ဒေသထွက်ကုန်များနှင့် အခြားလူသုံးကုန်ပစ္စည်းများ သယ်ယူရာတွင် အချိန်တိုအတွင်း လွယ်ကူ မြန်စွာ သယ်ယူနိုင်ရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍများ ဖွံ့ဖြိးတိုးတက်စေရန် အတွက် ဘဏ္ဍာနှစ်အလိုက် လိုအပ်သည့်လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)