မိုင်းရှူးမြို့နယ်အဆင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မိုင်းရှူး   စက်တင်ဘာ   ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်အဆင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မိုင်းရှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်ခန့် က ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထွဋ် က မိုင်းရှူးမြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ကျန်းမာရေး စစ်ဆေးရေးဂိတ် (၃)ဂိတ်ဖွင့်လှစ်ထားရှိပြီး၊ အဆိုပါဂိတ်များမှ ဝင်ရောက်လာသည့် ခရီးသွားပြည်သူ များအား ကျန်းမာရေး စစ်ဆေးခြင်းနှင့် ခရီးသွားရာဇဝင်များ မှတ်တမ်းရယူခြင်းများ ဆောင်ရွက်နိုင်သော်လည်း အခြားဝင်ပေါက်မှ လည်း ဝင်ရောက်နိုင်သဖြင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများအနေဖြင့် မိမိရပ်ကွက်အတွင်း အခြားဝင်ပေါက်မှ ဝင်လာသူရှိပါက သက်ဆိုင်ရာသို့ သတင်းပေးပို့ရန်၊ မြို့နယ်အတွင်းဝင်ရောက်လာသည့် ပြည်သူများအား လက်ရှိ၌ Quarantine Centre (၂)နေရာတွင် ထားရှိကြောင်း၊ အကယ်၍ Quarantine Centre ထပ်မံလိုအပ်လာ ပါက သက်ဆိုင်ရာဌာန၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ မြို့နယ်ကျန်းမာရေးဌာနမှူး ဒေါက်တာကျော်ဇင်ထွန်း က အကယ်၍ မိမိမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ သံသယလူနာ/ ရောဂါပြင်းထန်လူနာများ ရှိလာပါက ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများ ပြောကြားသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသူများမှ သိရှိလိုသည်များ မေးမြန်းခဲ့ကြရာ သက်ဆိုင်ရာဌာနများမှ ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)