ကလော နိုဝင်ဘာ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Commuinty Centre) ခန်းမတွင် ယမန်နေ့ မွန်းလွှဲ ၁ နာရီအချိန်က စာပေချစ်သူများ (Youth Club) ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာပေချစ်သူများ (Youth Club) စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းအေးခိုင်က ယနေ့လူငယ်များသည် နောင်တချိန် လူကြီးဖြစ်လာမည်ဖြစ်၍ အတွေးမှန်ကန်ဖို့ လိုအပ်ပါကြောင်း အရာရာမိမိတို့၏ ကိုယ်ပိုင်အသိစိတ်ဖြင့် မှန်ကန်သောလမ်းကြောင်းပေါ် ရပ်တည်ရမည်ဖြစ်ပါကြောင်း အတွေးအခေါ်မှန်ကန်ဖို့ဆိုရင်ဖြင့် စာများများဖတ်ဖို့ လိုအပ်ပါကြောင်း စာဖတ်သည့် အလေ့အကျင့်များကို မဖြစ်မနေ ပြုလုပ်တတ်ရမည်ဖြစ်ပါကြောင်း စာပေသည် လူတစ်ဦး၏ဦးနှောက်ကိုများစွာ အထောက်အကူပြုပါကြောင်း စသည်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ပေးရခြင်း ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။
ယင်းနောက် အဆိုပါ စာဖတ်ဝိုင်းတွင် ဒေါ်ယဉ်ယဉ်ထွေးက စာရေးဆရာမ ဇင်ပိုင်ဖြိုး (ကံမ) ရေးသားသည့် နှလုံးလှမီးအိမ်ရှင်နှင့် ပြည်သူ့အကျိုးပြုဝတ္တုတိုများ စာအုပ်ပါ အကြောင်းအရာများထဲမှ မူးယစ်အန္တရာယ်တားဆီးကာကွယ် ဆိုသည့်အကြောင်းအရာများ ဖတ်ကြားဆွေးနွေးရာ (Youth Club) အဖွဲ့ဝင် မဆောင်းဆောင်းက သိရှိလိုသည်များမေးမြန်းရာ ဦးစီးအရာရှိက အသေးစိတ်ပြန်လည် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အေးခိုင်(ကလော)