ပင်းတယမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး မြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကျင်းပ

ပင်းတယ နိုဝင်ဘာ ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ အခြေခံပညာအထက်တန်း(ကြိုသက်)ကျောင်း၊ ပညာ့ရောင်ခြည်ခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး မြို့နယ်အဆင့်အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဒေသအဆင့်ပညာရေးမှူး ဦးခင်ဇော်ထွန်းမှ စွမ်းဆောင်ရည်မြင့်မားရေး ဆွေးနွေးပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့်ပတ်သက်၍ ဆရာ၊ ဆရာမများအနေဖြင့် စာပေကိုချစ်မြတ်နိုးတန်ဖိုးထားရန်၊ စာများများဖတ်မှ အတွေ့အကြုံများပြီး အမှားနည်းမည်ဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံမှာ စာပေရှိမှဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ မိမိတို့စာသင်ကျောင်းသည် သင်ယူစရာ၊ လေ့လာစရာပေါများသော ပတ်ဝန်းကျင်နှင့်တူကြောင်း၊ ပညာရေးအဆင့်အတန်းမြင့်မားအောင် အတတ်ပညာသာမက အသိပညာလည်းရရှိဖိုလိုကြောင်း၊ စိတ်ဓာတ်ကောင်းရှိပြီး အရည်အချင်းကောင်းရှိဖို့လိုကြောင်း၊ မိမိကိုယ်တိုင်က စွမ်းဆောင်ရည်တိုးပွားနေမှသာလျှင် မိမိမှမိမိပတ်ဝန်းကျင်နှင့်ကျောင်းသား၊ ကျောင်းသူများကို အသိပညာ၊ အတတ်ပညာများပို ပြန်လည်မျှဝေပြန်လည်သင်ကြားပေးနိုင်မှာဖြစ်၍ ဤသင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်းစသဖြင့် ပြောကြားပေးခဲ့သည်။

အဆိုပါ စွမ်းဆောင်ရည်မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲအား နိုဝင်ဘာလ ၄ ရက်နေ့မှ ၅ ရက်နေ့အထိ နှစ်ရက်ကြာဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး၊ ၎င်းသင်တန်းတွင် ပင်းတယမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်းစုံမှ ကျောင်းအုပ်ဆရာ၊ ဆရာမကြီး စုစုပေါင်း ၁၂၀ ဦးတက်ရောက်သင်ကြားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

အောင်ကိုဦး(ပြန်/ဆက်)