ရန်ကုန် စက်တင်ဘာ ၁၈
ရန်ကုန်အရှေ့ပိုင်းခရိုင်၊သင်္ဃန်းကျွန်းမြို့နယ်တွင် သုဝဏ္ဏဗဟို ဆောက်လုပ်ရေး သင်တန်းကျောင်းတွင် တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနက တာဝန်ယူကျွေးမွေးလျက် ရှိသော Quarantine Centre တစ်ခုဖွင့်လှစ်ထားရှိခဲ့ပြီး ယခုအခါ သင်္ဃန်းကျွန်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ် ကာကွယ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီ မှဦးဆောင်ကာ Quarantine Centre တစ်ခုကို (သင်္ဃန်းကျွန်းပညာရေးကောလိပ်) တွင်ထပ်မံဖွင့်လှစ်ကာ သင်္ဃန်းကျွန်းမြို့နယ်မှ Quarantine ဝင်ရောက် နေသူ (၁၀၀) ဦးနှင့် ကူညီဆောင်ရွက်ပေးသူ စေတနာ့ဝန်ထမ်း(၂၀)ဦး စုစုပေါင်းလူဦးရေ (၁၂၀)ဦးအတွက် တစ်ရက်စာ စားသောက် ကုန်ကျစရိတ် (၁)ဦး (၅၀၀၀)ကျပ်နှုန်းဖြင့် တစ်ရက်(၆)သိန်းကျပ် နှုန်းလိုအပ်လျက်ရှိသည်။
အဆိုပါ Quarantine Centre သင်္ဃန်းကျွန်းပညာရေးကောလိပ် အတွက် အလှူငွေများကို စေတနာရှင် ပြည်သူများကလာရောက် လှူဒါန်းလျက်ရှိရာ ယနေ့ နံနက်ပိုင်းအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သင်္ဃန်းကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေး ခန်းမတွင် သင်္ဃန်းကျွန်းမြို့နယ် ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ Dewant International Construction Co.,Ltd က အလှူငွေကျပ် (၆၀)သိန်း၊ သန်းကြွယ်ကဖီးမှ အလှူ ငွေ(၁၂)သိန်းနှင့် (၄၁/၈၀၆)တပင်ရွှေထီးလမ်း၊ ဒဂုံမြို့သစ် မြောက်ပိုင်းနေ ဦးမြင့်သိန်း က အလှူငွေ ကျပ် (၁၁)သိန်းတို့ကို လှူဒါန်းခဲ့ရာ သင်္ဃန်းကျွန်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်ထိုက်နှင့် ကော်မတီဝင်တို့က လက်ခံခဲ့ကြပြီး ဂုဏ်ပြု မှတ်တမ်းလွှာများကို ပြန်လည် ပေးအပ်ခဲ့သည်။
Quarantine Centre သင်္ဃန်းကျွန်းပညာရေးကောလိပ် အတွက် အလှူငွေများကို လှူဒါန်းနိုင် ကြောင်းသတင်းရရှိသည်။
ရဲမင်းထွန်း (ပြန်/ဆက်)