ရသေ့တောင်မြို့နယ်တွင် (၂၈) ကြိမ်မြောက် မြို့မ အထက (၂) မိသားစု၊ စုပေါင်းမဟာဘုံ ကထိန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ

ရသေ့တောင် နိုဝင်ဘာ ၄

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် မြို့မအခြေခံပညာအထက်တန်း (အထက-၂) ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘဆရာအသင်းများမှ ကြီးမှူးကျင်းပသော (၂၈) ကြိမ်မြောက် ပညာရေးမိသားစု၊ စုပေါင်းမဟာဘုံကထိန်ပွဲတော် လှည့် လည်ပွဲကို ယနေ့နံနက် ၈ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များသို့ စည်ကားသိုက်မြိုက်စွာ လှည့်လည်ကျင်းပခဲ့သည်။

(၂၈) ကြိမ်မြောက် အထက-၂ ပညာရေးမိသားစု၊ စုပေါင်းမဟာဘုံကထိန်ပွဲတော် မြို့တွင်းသို့ စီတန်းလှည့်လည်ရာတွင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသော ကျောင်းသားမိဘများ၊ ရပ်မိရပ်ဖများမှ စုပေါင်းလှူဒါန်းသည့် ပဒေသာပင် (၁၃) ပင်နှင့် လှူဖွယ်ဝတ္တုများ၊ သင်္ကန်းများဖြင့်  မြို့ပေါ် (၄) ရပ်ကွက်အတွင်းသို့ စည်ကားသိုက်မြိုက်စွာ လှည့်လည်ခဲ့ကြသည်။

အထက-၂ ပညာရေးမိသားစု၊စုပေါင်း မဟာဘုံကထိန်ကပ်လှူပွဲ အခမ်းအနားကို နိုဝင်ဘာ (၃) ရက်နေ့ နံနက် (၁၀) နာရီအချိန်တွင် မြို့မအထက-၂၊‌ ကျောင်းခန်းမအတွင်း အတွင်းပုရိမဝါမမှ ထ‌မြောက်ကြကုန်သော သံဃာ (၉) ပါးတို့အား ပင့်ဖိတ်၍ ဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့နောက် မေယုရတနာကျောင်းတိုက်မှ ဆရာတော်ထံမှ သံဃာများအား ရည်စူး၍ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ တရားနာယူကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃) ကြိမ် ရွတ်ဆို၍ အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ထွန်းလင်းကျော် (ပြန်/ဆက်)