အမ်း နိုဝင်ဘာ ၄
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Commmunity Centre) ခန်းမတွင် စာပေမြတ်နိုးသူ Book Club အသင်းဝင် လူငယ်များနှင့် ကြီးပွားအောင်မြင်အောင်ပန်းကိုဆင်စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ် (၁) နာရီက ကျင်းပပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းက စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းများ ကျင်းပပေးရခြင်းရည်ရွယ်ချက်နှင့် မြင်းခြံ ကျော်အောင် (ခ) သန်းထက်စံ ရေးသားသည့် ကြီးပွားအောင်မြင်အောင်ပန်းကိုဆင် စာအုပ်မှ ငါကြီးပွားမယ့်လူလား၊ ငွေ၏ သဘောသဘာဝ၊ မအောင်မြင်လို့မဖြစ်ဘူး၊ အောင်မြင်သူနဲ့ မအောင်မြင်သူ ဘာကွာခြားသလဲ ဆောင်းပါးများကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် မြတ်နိုးသူ Book Club အသင်းဝင် ကျောင်းသူ မတင်တင်လှက ကြီးပွားခြင်း၏ အ ခြေခံ စာဖတ်ရန်ဆောင်းပါးများကို ဆွေးနွေးပြောကြားပြီး မသင်းမြတ်နိုင်က မအောင်မြင်လို့ မဖြစ်ဘူး ဆောင်းပါးကို ဆွေးနွေးပြောကြား၍ သိရှိလိုသည့် အကြောင်းအရာများကို မေးမြန်းရာ မြို့နယ်ဦးစီးမှူးက ဆွေးနွေးပေးခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းကို လူငယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တများ ဘက်စုံဖွံ့ဖြိုးတိုးတက် စေရန်ရည်ရွယ်၍ ကျင်းပပေးခဲ့ကြောင်းသိရသည်။
စိုးမင်းထွန်း