မူဆယ်မြို့တွင် ဌာနဆိုင်ရာများ ပူးပေါင်း၍ စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

မူဆယ် နိုဝင်ဘာ ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ဌာနဆိုင်ရာများ ပူးပေါင်း၍ စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက်ပိုင်းတွင် မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၊ ဟိုနားဘုန်းကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ကျင်းပပြုလုပ်ရာတွင် ခရိုင်/မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်/မြို့နယ်တရားရေးဦးစီးဌာန၊ ခရိုင်/မြို့နယ်ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနနှင့် ငွေဆင်ဝန်ထမ်းအိမ်ရာမိသားစုများ စုပေါင်း၍ မြန်မာ့ရိုးရာအစဉ်အလာ အလှူဒါနတစ်ခုဖြစ်သော ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် သက်ဆိုင်ရာဌာနဆိုင်ရာအကြီးအကဲများနှင့် တက်ရောက်လာကြသူများက သံဃာတော်များအား ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြပြီး ဟိုနားဘုန်းကြီးကျောင်းဆရာတော်ထံမှ ရှစ်ပါးသီလ ခံယူဆောက်တည်ကြပြီး အနုမောဒနာတရား နာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအမျှပေးဝေခဲ့ကြသည်။ ယင်းစုပေါင်း မဟာဘုံကထိန်ပွဲတွင် ဌာနဆိုင်ရာများနှင့် သက်ဆိုင်ရာမိသားစုများ စုပေါင်း၍ ပစ္စည်းတန်ဖိုး (၂၄၃၅၀၀၀)ကျပ်၊ ငွေသားတန်ဖိုး (၂၅၈၅၀၀၀)ကျပ်နှင့် စုစုပေါင်းတန်ဖိုး (၅၀၂၀၀၀၀)ကျပ် လှူဒါန်းခဲ့ပြီး ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ ကြသည်။

ဆက်ပိုင်(မူဆယ်)