သုဝဏ္ဏမြက်ခင်းတု အားကစားကွင်းပေါ်တွင် တည်ဆောက်လျက်ရှိသည့် ကိုဗစ်-၁၉ ယာယီကုသဆေးရုံအတွက် လျှပ်စစ်ဓာတ်အားပြည့်ဝစွာ ရရှိစေရန် (200)KVA ထရန်စဖော်မာ (၂)လုံးအား ထပ်မံတပ်ဆင်

ရန်ကုန် စက်တင်ဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏအမျိုးသားဘောလုံး အကယ်ဒမီ(ရန်ကုန်)မြက်ခင်းတုကွင်းတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ ယာယီ ကုသဆေးရုံ တည်ဆောက်လျက်ရှိသည်။

အဆိုပါ ကိုဗစ်-၁၉ယာယီကုသဆေးရုံတွင် လျှပ်စစ်မီး အဆင်ပြေစေရေးအတွက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေရှင်း (သင်္ဃန်းကျွန်းမြို့နယ်)မှ လျှပ်စစ်မီးတိုင်များ အသစ်စိုက်ထူခြင်း၊ မီးလိုင်းများ သွယ်တန်းခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး လျှပ်စစ်ဓာတ်အားပြည့်ဝစွာ ရရှိစေရန် (200)KVA ထရန်စဖော်မာ (၂)လုံးအား ယမန်နေ့က ထပ်မံတပ်ဆင် ဆောင်ရွက်ပေးလျက်ရှိသည်။ အဆောက်အဦ တစ်လုံးလျှင်ပိုး‌ တွေ့လူနာ(၁၀၀)ဦး ခန့်ထားရှိကုသပေးနိုင်မည့် ယာယီအဆောက်အဦများကို တည်ဆောက်လျက်ရှိပြီး ပိုးတွေ့လူနာများအား မကြာမီထားရှိ ကုသပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကုသမှုကိစ္စများအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ဆောင်ရွက်သွားမည်ဖြစ်ပြီး လူနာများနေထိုင်ရေး၊ နေ့စဉ် စားသောက် ကုန်ကျစရိတ်များနှင့် လာရောက် တာဝန်ထမ်းဆောင်ကြမည့် ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၏ နေထိုင်စားသောက်ရေးကိစ္စရပ်များကို ဧရာဝတီ ဖောင်ဒေးရှင်းမှ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်‌ကြောင်း သိရသည်။

ပိုးတွေ့ရှိသော်လည်း ရောဂါလက္ခဏာမပြ‌သော လူနာများနှင့် ရောဂါပြင်းထန်ခြင်း မရှိသူများကိုသာ အဆိုပါ ကိုဗစ်-၁၉ ယာယီကုသဆေးရုံတွင် ထားရှိကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရဲမင်းထွန်း (ပြန်/ဆက်)