ချမ်းမြသာစည်မြို့နယ်၊ တောင်ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွား၊ နေအိမ် ၄၂ ခန့် မီးလောင်ဆုံးရှုံး

ချမ်းမြသာစည် နို၀င်ဘာ ၃

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်တောင်ရပ်ကွက်၊ အကွက် (၈၆၈)၊ ကံရွာတွင် ယနေ့ ညနေ ၅ နာရီခန့်က မီးလောင်မှုဖြစ်ပွားကြောင်း သိရှိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ မဟာအောင်မြေ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး သိန်းဝင်းဦးစီးသည့် တပ်ဖွဲ့ဝင်များ၊ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စိုးအောင် ဦးစီးသည့်တပ်ဖွဲ့ဝင်များ၊ စစ်နယ်မြေ(၅)မှ ဗိုလ်မှူး သော်တာထွန်းဦးစီးသည့်တပ်ဖွဲ့ဝင်များ၊ အမှတ်(၁၁)နယ်မြေ ရဲစခန်းမှူး ဒုရဲမှူး ဇော်မင်းနိုင်ဦးစီးသည့်တပ်ဖွဲ့ဝင်များ၊ ပြည်ကြီးတံခွန်မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲမှူးမင်းနောင် ဦးစီးသည့်တပ်ဖွဲ့ဝင်များနှင့် တိုင်းမီးသတ်ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း၊ ခရိုင်လ/ထ ညွှန်ကြားရေးမှူး ဦးကျော်ကိုကိုဦးစီးသည့် သန္ဓေတပ်ဖွဲ့ဝင် (၁၀၀)ဦး၊ အရံမီးသတ်တပ်ဖွဲ့ဝင် (၂၅၀)ဦး၊ မီးငြှိမ်းသတ်ယာဉ် (၂၀)စီး၊ ရေသယ်ယာဉ်(၁၅)စီး၊ အုပ်ချုပ်မှုယာဉ် (၄)စီး စုစုပေါင်း (၃၉)စီးတို့ဖြင့် ငြှိမ်းသတ်ခဲ့ရာ ညနေ ၆ နာရီခွဲခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း၊ အိမ်ခြေ ၄၂ ခန့် မီးလောင်ဆုံးရှုံးခဲ့ပြီး မီးဘေးသင့်ပြည်သူများအား နေရာချထားပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် မီးလောင်ရသည့်အကြောင်းအရင်းကို ဆက်လက် စိစစ်လျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)