ပြင်ဦးလွင် နိုဝင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းရှိ ကံ့ကော်ခန်းမဆောင်၌ ကျင်းပြုလုပ်ရာ တာဝန်ရှိသူများနှင့် ကျောင်းအုပ်ကြီးများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေးအလုပ်ရုံဆွေးနွေးတွင် မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းနွဲ့ ကယခုအလုပ်ရုံဆွေးနွေးပွဲတွင် အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည် မြင့်မားစေရန်နှင့် မိမိတာဝန်ယူရသောလုပ်ငန်းတွင် စည်းစနစ်ကျပြီး မှန်မှန်ကန်ကန်နှင့် မြန်မြန်ဆန်ဆန်လုပ်ဆောင်နိုင်ရန်အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်းပြောကြားပြီး အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ပို့ချပေးသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် မြို့နယ်ပညာရေးမှူး၊ ဒုတိယမြို့နယ်ပညာရေးမှူး (စီမံ+ ဘဏ္ဍာ)နှင့် ဒုတိယမြို့နယ်ပညာရေးမှူး(ပညာ)တို့မှ မြန်မာ့ပညာရေးတိုးတက်စေရန်အတွက် စီမံ၊ ဘဏ္ဍာ၊ ပညာ၊ စီမံကိန်းစာရင်းအင်းမှတ်တမ်း၊ စီမံကိန်းများကြီးကြပ်အကဲဖြတ်၊ နယ်စပ်ဌာနများ၏ လုပ်ငန်းဆိုင်ရာများကို ဆွေးနွေးပို့ချလျက်ရှိပြီး ပြင်ဦးလွင်မြို့နယ်အတွင်းရှိ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းအုပ်ဆရာ၊ ဆရာမကြီး ၁၅၀ ခန့် တက်ရောက်ကြကြောင်းနှင့် အလုပ်ရုံဆွေးနွေးပွဲအား နိုဝင်ဘာလ ၃ ရက်နေ့မှ ၄ ရက်နေ့အထိ ၂ ရက်တာ ကျင်းပမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ဦးဇော်မျိုးထိုက်