မိုင်းငေါ့မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မိုင်းငေါ့   စက်တင်ဘာ   ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) အချိန်ခန့် က မိုင်းငေါ့မြို့  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသ‌ရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး မိုင်းငေါ့မြို့ ကျန်းမာရေး ဌာနခွဲမှ ဒေါက်တာသီဟစိုး (တာဝန်ခံဆရာဝန်)က အမှာစကားပြောကြားရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုသည် လူစုလူဝေးမှတဆင့် လျင်မြန်စွာကူးစက်နိုင်သဖြင့် ရောဂါကြိုတင်ကာကွယ်တားဆီးရေး၊ ထိန်းချုပ်ကုသရေးလုပ်ငန်းအနေဖြင့် မိုင်းငေါ့မြို့အဝင် မုခ်ဦးတွင် ပြည်တွင်းပြည်ပမှ ပြန်လာမှုများ၊ မြို့တွင်းသို့ အခြားအကြောင်း အမျိုးမျိုးကြောင့် ဝင်ရောက်လာသူများအား ကျန်းမာရေးဝန်ထမ်းများမှ အပူချိန် တိုင်းတာခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများ မြို့ပေါ် (၅) ရပ်ကွက် အုပ်ချုပ်ရေးမှူး များ၊ မိုင်းငေါ့နယ်မြေခံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတလူငယ်အသင်းများအနေဖြင့် မိမိတို့အား တာဝန်ပေးအပ်ထားသော နေ့ရက်များအလိုက် ကူညီဆောင်ရွက်ပေးရန်၊ ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားစေရေး မိမိကအစကာကွယ်နိုင်ရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ကြရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ အား ညှိနှုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးသို့ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မီးသတ်တပ်ဖွဲ့၊ မြို့ပေါ်     (၅)ရပ်ကွက်မှ အုပ်ချုပ် ရေးမှူးများ၊ မိုင်းငေါ့မြို့‌‌ လောင်ငင်းပရဟိတအသင်းနှင့် အားမာန်သစ် လူငယ်ပရဟိတ အသင်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြင့်သွယ်(မိုင်းငေါ့၊ ပြန်/ဆက်)