ဒဂုံဆိပ်ကမ်း နိုဝင်ဘာ ၃
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် (Community Center) ခန်းမတွင် စာကြည့်တိုက်များ ရှင်သန်ခိုင်မာရေးအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်(၁၁)နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်စာကြည့်တိုက်ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးဝင်းကြည်က ပြောကြားရာတွင် စာကြည့်တိုက်များ ပြန်လည်အသက်ဝင်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ မြို့နယ်စာကြည့်တိုက်ကြီးကြပ်မှုကော်မတီ ပြန်လည်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း၊ ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များသို့လည်း ကွင်းဆင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီ ရုံးအဖွဲ့မှူး ဦးဝင်းသိန်းက ဆွေးနွေးရာတွင် စာကြည့်တိုက်နည်းဥပဒေစာအုပ်ကို ဖတ်ရှုထားစေလိုကြောင်း၊ သုတ/ရသစာအုပ်များတောင်းခံရာတွင် လူကြီးဖတ်စာအုပ်၊ ကလေးများအတွက် လိုအပ်သော စာအုပ်အမျိုးအစားများကို ဖော်ပြပေးရန်လိုအပ်ပါကြောင်း၊ ရပ်ကွက်/ ကျေးရွာစာကြည့်တိုက်များ ပရိဘောဂများတောင်းခံရာတွင်လည်း အချက်အလက်များကို ပြည့်စုံစွာဖော်ပြပေးစေလိုကြောင်း၊ မြို့နယ်စာကြည့်တိုက်ကြီးကြပ်မှု ကော်မတီအစည်းအဝေးကို လစဉ်ပထမပတ်တွင် ဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်အေးမဥ္ဇူက မြို့နယ်စာကြည့်တိုက်ကော်မတီဝင်များအား စာကြည့်တိုက်နည်းဥပဒေစာအုပ်များကို ဖြန့်ဝေပေးပြီး စာကြည့်တိုက်များရှင်သန်ခိုင်မာလာစေရေးအတွက် လိုအပ်သည်များကိုဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ စာကြည့်တိုက်ကော်မတီဝင်များကိုလည်း အသစ်ပြန်လည် ဖွဲ့စည်းရန်လိုအပ်ကြောင်းပြောကြားခဲ့ပြီး ကော်မတီဝင်များကလည်း ဆောက်ရွက်နေသည့်အခြေအနေများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အေးမဥ္ဇူ(ပြန်/ဆက်)