မြဝတီ နိုဝင်ဘာ ၃
ဗုဒ္ဓဘာသာမြန်မာလူမျိူးတို့၏ အထွတ်အမြတ်ထားသည့် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း၊ ရဟန်းခံသိက္ခာထပ် အလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကရင်ပြည်နယ်၊ မြဝတီမြို့ ဓမ္မရောင်ခြည်ပရိယတ္တိစာသင်တိုက်၌ ဧကာဒသမအကြိမ်မြောက် ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်ပေး၍ ဧည့်ပရိသတ်အပေါင်းတို့က ဓမ္မရောင်ခြည် ပရိယတ္တိစာသင်တိုက်၏ ပဓာနကနာယက ဆရာတော် ဦးဓမ္မပါလ (Ph.D) ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ပရိတ်တရား တော်နာယူခဲ့ကြသည်။
ထို့နောက် စုပေါင်းမဟာဘုံကထိန် မတည်အလှူရှင်များဖြစ်သည့် ကိုဇေဦး၊ ဇနီး မကေသွယ်မြင့် မိသားစု၊ မြို့နယ်ပညာရေးဌာနမှ ပညာရေးမှူး ဦးမြင့်ဦး၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးမိုးကျော်နှင့် ပညာရေးမိသားစု၊ အများစုပေါင်း ဒါယကာ၊ ဒါယိကာမတို့က ကထိန်လျာသင်္ကန်း အစရှိသော လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆရာတော်အမှူးထား၍ သံဃာတော်အရှင်သူမြတ်တို့
အား အသီးသီးဆက်ကပ်လှူဒါန်းပေးသည်။
ထို့နောက် ဓမ္မရောင်ခြည်ပရိယတ္တိစာသင်တိုက်၏ ပဓာနနာယကဆရာတော် ဦးဓမ္မပါလ (Ph.D) က အလှူဒါယိကာ၊ ဒါယိကာမများအား ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းရခြင်း အကျိုးနှင့် အနုမောဒနာတရား ချီးမြှင့်ပေးပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)