တနိုင်းမြို့၌ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ စုပေါင်းမဟာဘုံကထိန် အလှူပွဲတော် ကျင်းပ

တနိုင်း နိုဝင်ဘာ ၃

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်း များ၏ စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို အစဉ်အလာမပျက် နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က တနိုင်းမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ခန်းမတွင် ကျင်းပပြုလုပ်သည်။

အဆိုပါ စုပေါင်းမဟာဘုံကထိန်ပွဲတော်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးဇော်လင်း နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုး၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဧည့်ပရိတ်သတ်များက “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ခဲ့ကြပြီး ဇေယျာသီရိကျောင်းတိုက်မှ ဆရာတော်ဦးတေဇနိယထံမှ ငါးပါးသီလခံယူ ဆောက်တည် ခဲ့ကြသည်။

ထို့နောက် ကထိန်နှင့်ပတ်သက်သော ကထိန်အနုမောဒနာ တရားများနာကြားကာ ကထိန်လျာသင်္ကန်းများနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး “ဗုဒ္ဓသာသနံစိရံတိဌတု” သုံးကြိမ်ရွတ်ဆို၍ ရုတ်သိမ်းခဲ့ကြသည်။

ယင်းနောက် ကြွရောက်တော်မူလာကြသော ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များအား ငွေပဒေသာပင်များနှင့် နေ့ဆွမ်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ပန်းအိ(တနိုင်း)