ကျောက်ဆည်မြို့နယ် အရှေ့ငယ်တိုးကျေးရွာပြည်သူများ သောက်သုံးရေးလွယ်ကူဖူလုံစွာ သုံးစွဲနိုင်ပြီဖြစ်

ကျောက်ဆည် နိုဝင်ဘာ   ၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  သောက်သုံးရေအခက်အခဲရှိသော ကျေးရွာများအား သောက်သုံးရေဖူလုံစွာရရှိရေး ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တွင် အရှေ့ငယ်တိုးကျေးရွာတွင် ရေပေးဝေရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရာ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်သောကြောင့် ကျေးရွာပြည်သူများ သောက်သုံးရေလွယ်ကူစွာ သုံးစွဲနိုင်ပြီးဖြစ်ကြောင်း သိရသည်။

ရေပေးဝေရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ(၃၄.၆၇၇)ကျပ်သန်းဖြင့် (၄)လက်မအကျယ်၊ အနက်(၅၀၀)ပေ စက်ရေတွင်း(၁)တွင်း၊ ရေဂါလံ(၂၄၀၀)ဆံ့ စင်မြင့် ရေစင် (၁) စင်၊ (၅x၅x၇)ပေရေစက်ရုံ(၁)ရုံနှင့် ကျေးရွာအတွင်းရေပေးဝေနိုင်ရေး (၂)လက်မအကျယ် PVCပိုက် ဖြင့် အရှည် (၅၂၈၀)ပေသွယ်တန်းပေးခြင်း လုပ်ငန်းများဖြစ်ကြောင်း သိရသည်။ 

ရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အိမ်အရောက်ရေပိုက်များသွယ်ယူနိုင်ခဲ့ပြီဖြစ်သဖြင့် အရှေ့ငယ်တိုးကျေးရွာမှ အိမ်ခြေ(၆၇၅) အိမ်၊ လူဦးရေ(၃၂၁၉)ဦးအတွက် သောက်သုံးရေးများ ရာသီမရွေးဖူလုံစွာ သုံးစွဲနိုင်ပြီဖြစ်ကာ ကျွဲ၊နွားများနှင့် အိမ်မွေးတိရိစ္ဆာန်များအတွက်လည်း ပြည့်စုံစွာသုံးစွဲ နိုင်ပြီ ဖြစ်ကြောင်း သိရသည်။

သက်မောင်