ကျောက်ဖြူ နိုဝင်ဘာ ၃
ရခိုင်ပြည်နယ်၊ ကျေက်ဖြူခရိုင်၊ ကျောက်ဖြူမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူးကျင်းပမည့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၏ စုပေါင်းမဟာဘုံကထိန်ပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းမောင်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပမည့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ စုပေါင်းမဟာဘုံကထိန်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးကိစ္စရပ်များ၊ ဌာနများအလိုက် ပဒေသာပင်ဆောင်ရွက်နေမှုအခြေအနေများ၊ မဟာဘုံကထိန်ဖြစ်မြောက်ရေးကော်မတီမှ ဆောင်ရွက်နေသည့် လုပ်ငန်းတာဝန်များကို သက်ဆိုင်ရာဌာန များအလိုက် ဆွေးနွေးတင်ပြကြရန်လိုအပ်ကြောင်း ပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းထွဏ်းနှင့် ခရိုင်သာသနာရေးဦးစီးဌာန၊ ခရိုင်သာသနာ့ရေးမှူးတို့မှ ဌာနများအလိုက် ပဒေသာပင်ဆောင်ရွက်နေမှု ကိစ္စရပ်များ၊ မြို့နယ်အတွင်း ကထိန်မရရှိသေးသော ဘုန်းတော်ကြီး ကျောင်းများနှင့် ပင့်သံဃာများကို ဘုံကထိန်ဆက်ကပ်နိုင်ရန်လျာထားမှုအခြေအနေ အစီအစဉ်များကို ဆွေးနွေး တင်ပြခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများက မဟာဘုံကထိန်ဖြစ်မြောက်ရေး ကော်မတီများ၏ ကဏ္ဍအလိုက်လုပ်ဆောင်မည့် လုပ်ငန်းတာဝန်များအား အသီးသီးဆွေးနွေးတင် ပြကြရာ တင်ပြချက်များအပေါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း