ပုဇွန်တောင် နိုဝင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်ရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား ယခင်ကထက် မီးသတ်စွမ်းရည်၊ ရှာဖွေကယ်ဆယ်ရေးစွမ်းရည်များ ပိုမိုကျွမ်းကျင်စွာ အသုံးပြုနိုင်စေရန် ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ(၃)နာရီက မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ပုဇွန်တောင်မြို့နယ်မီးသတ်စခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပုဇွန်တောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းလှိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပုဇွန်တောင်မြို့နယ် မီးသတ်ဦးစီးမှူး ဦးစီးအရာရှိဦးအောင်လင်းဦးက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပုဇွန်တောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ၁ ဗိုလ်မှူးအောင်ကျော်လွင်က မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသားများအတွက် ဝတ်စုံများကို ထောက်ပံ့ပေးအပ်ခဲ့ရာ သင်တန်းသားတစ်ဦးက လက်ခံရယူခဲ့သည်။
အဆိုပါ ပုဇွန်တောင်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းတွင် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးပညာရပ်များ၊ စစ်ရေးပြဘာသာရပ်များ၊ မီးသဘောသဘာဝများ၊ မီးအတန်းအစားအမျိုးမျိုး၊ မီးစတင်လောင်ကျွမ်းခြင်းများ၊ မီးသတ်ဆေးဘူးအမျိုးမျိုး၊ မီးသတ်ဆေးဘူးလက်တွေ့အသုံးပြုနည်း၊ မီးငြှိမ်းသတ်ရေး ကိရိယာအမျိုးမျိုး၊ မီးခိုးများအကြားလှုပ်ရှားသွားလာခြင်း၊ ကြိုးချည်နည်းများ၊ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ မီးသတ်တပ်ဖွဲ့ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ၊ အရန်မီးသတ်တပ်ဖွဲ့၏ လုပ်ငန်းတာဝန်များနှင့် မီးငြှိမ်းသတ်ရေးနည်းစနစ် များကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ(၁)ရက်နေ့မှ နိုဝင်ဘာလ(၂၅)ရက်နေ့အထိ တစ်ပတ်လျှင်ငါးရက်ဖြင့် နေ့စဉ်နံနက်(၈)နာရီမှ ညနေ(၄)နာရီအထိ သင်တန်းသား(၅၀)ဦးတို့အား သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။
ဟန်စုယဉ်