ပင်းတယ နိုဝင်ဘာ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၊ ပင်းတယမြို့ အစည်းအဝေးခန်းမ(၁)၌ ယနေ့နံနက် ၁၀ နာရီက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်၊ ပညာရေးဘွဲ့(B.Ed) (၅)နှစ်သင်တန်းအမှတ်စဉ်(၁၀) သင်တန်းနှင့်ပြည်ထောင်စုတိုင်းရင်းလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ပထမ)နှစ်(ရန်ကုန်၊ စစ်ကိုင်း)သင်တန်းသို့ တက်ရောက်မည့် သင်တန်းသား/သူများနှင့် တွေ့ဆုံပွဲအခမ်းအနားအား ကျင်းပခဲ့သည်။
ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းမှ သင်တန်းသား၊ သင်တန်းသူများကို အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံတော်နှင့် မိမိတို့၏ဒေသအတွက် အားကိုးအားထားရတဲ့ ခေတ်ပညာတတ်လူငယ်များ ဖြစ်ကြစေရန်နှင့် ပညာသာမက အတတ်ပညာပါ သင်ယူလေ့လာဖို့လိုကြောင်း၊ နိုင်ငံတစ်နိုင်ငံအတွက် ပညာရေးသည် အဓိကအခန်းကဏ္ဍကြ၍ ယခုတက်ရောက်လာသည့်သင်တန်းသား/သူများအနေဖြင့် သင်တန်းကိုပြီးမြောက်အောင် သင်ယူကြစေလိုကြောင်းစသဖြင့် ပြောကြားပေးခဲ့သည်။
ဆက်လက်၍ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီး ဦးအုန်းကြိုင်နှင့် ဒေသအဆင့် ပညာရေးမှူး ဦးခင်ဇော်ထွန်းတို့မှ သင်တန်းသား၊ သင်တန်းသူများအား စည်းကမ်းချက်များ၊ လိုက်နာရမည့်အချက်စသည်တို့အား အသီးသီးရှင်းလင်းပြောကြားပေးသည်။
ထိုနောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားပေးပြီး တက်ရောက်လာသူများအား ရင်းရင်းနီးနီး လိုက်လံနှုတ်ဆက်အားပေးစကားပြောကြားပေးခဲ့ကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)