ဘီးလင်း နိုဝင်ဘာ ၃
ဘီးလင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)များနှင့်ပတ်သက်၍ အသိပေးထုတ်ပြန်ချက်များကို ပြည်သူများသိရှိစေရေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်သာသနာ့ဗိမာန်ရှေ့တွင် ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ လက်ကမ်းစာစောင်တွင် နိုင်ငံသားစိစစ်ရေးကတ်များနှင့်ပတ်သက်၍ အချက်(၇)ချက်၊ ပုံစံ(၆၆/၆)အိမ်ထောင်စုလူဦးရေစာရင်း(အထစ)နှင့်ပတ်သက်၍ အချက်(၆)ချက်ကို ပြည်သူအများသိရှိနားလည်စေရန် ပြည့်စုံစွာဖေါ်ပြထားသည်။
ထိုသို့ဖြန့်ဝေရခြင်းမှာ ဘီးလင်းမြို့နယ်အတွင်းရှိ ပြည်သူများ၊ နိုင်ငံသားများ၏ ကိုယ်ရေးအကြောင်းအရာများကို သိရှိလိုလျှင်သော်လည်းကောင်း တိကျမှန်ကန်သောအထောက်အထားကို အမြန်ဆုံးသိရှိနိုင်ရေးတို့အတွက် နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်း(၆၆/၆)ပုံစံများအား Software Program စနစ်ဖြင့် Database ထည့်သွင်းရိုက်ကူးခြင်းများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ ဆောင်ရွက်လျက်ရှိရာ ပြည်သူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်း(၆၆/၆)ပုံစံများကွဲလွဲခြင်း၊ အပိုကိုင်ဆောင်ခြင်းများအား နီးစပ်ရာမြို့နယ် (လဝက)ရုံးများသို့ သွားရောက်ဖြေရှင်းဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလကျော်လွန်ပါက ဥပဒေနှင့်အညီဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ပြည်သူများအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် အသိပညာပေး ဖြန့်ဝေရခြင်းဖြစ်သည်။
ယင်းလက်ကမ်းစာစောင်များကို ဘီးလင်းမြို့နယ်(လဝက)ဦးစီးဌာနမှ မြို့နယ်(လဝက) ဦးစီးမှူး ဦးစောဝင်းကြည်နှင့်ဝန်ထမ်းများ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးစိုးသီဟတို့က ဖြန့်ဝေပေးခြင်း၊ Hand Speaker ဖြင့် အသိပေးကြေညာခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထူးနောင် ၊ ဘီးလင်း (ပြန်/ဆက်)