မိတ္ထီလာမြို့နယ် ရေဝေကျေးရွာရှိ ရေဝေစျေးတွင် စျေးရုံတည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

မိတ္ထီလာ နိုဝင်ဘာ ၃  

မန္တလေးတိုင်းဒေသကြီး ၊ မိတ္ထီလာမြို့နယ် ရေဝေကျေးရွာရှိ ရေဝေစျေးတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စျေးရုံတည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် ရေဝေကျေးရွာရှိ ရေဝေစျေးကို ၅ ရက်တစ်ကြိမ် ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ရေဝေကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများ က လာရောက်ဝယ်ယူလျက်သောကြောင့် မိတ္ထီလာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ရေဝေစျေး အတွင်း ရောင်းချလျက်ရှိသော စျေးသည်များနှင့် လာရောက်ဝယ်ယူလျက်ရှိသော စျေးဝယ်များ အဆင်ပြေစွာ ရောင်းဝယ်နိုင်ရေး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် စျေးရုံတည်ဆောက်ခြင်း လုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေး နှစ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ခွင့်ပြု ရန်ပုံငွေ ကျပ် ၂၅.၀၇၃ သန်းဖြင့် ရေဝေကျေးရွာရှိ ရေဝေစျေးတွင် အလျား ပေ ၁၀၀ ၊ အနံ ပေ ၂၀ ၊ အမြင့် ၉ ပေ ရှိသည့် Steel Structure ၊ သွပ်မိုး စျေးရုံကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကြီးကြပ်ပြီး တင်ဒါအောင်မြင်သည့် SAFE WAY CONSTRUCTION ကုမ္ပဏီက တာဝန်ယူ၍ စက်တင်ဘာလ ပထမပတ်မှ စတင်ပြီး ဆောင်ရွက် လျက်ရှိရာ   အဆိုပါစျေးရုံတည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း  တာဝန်ရှိသူထံမှ သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)