ထန်းတပင်(ရန်ကုန်) နိုဝင်ဘာ ၃ရက်
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ မြို့နယ်ဌာန ဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုများ စုပေါင်းကာ နိုဝင်ဘာလ(၂)ရက်နေ့နှင့် နိုဝင်ဘာလ (၃)ရက်နေ့တို့ တွင်(၂၇)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အလှူပွဲကို ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
(၂၇)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အလှူပွဲ ကျင်းပရာတွင်လည်း နိုဝင်ဘာလ(၂)ရက်နေ့၊ မွန်းလွဲပိုင်းတွင်(၂၇)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ပဒေသာပင်များစီတန်းလှည့်လည်ပွဲကို မြို့ပေါ်ရပ်ကွက်လမ်းများ တစ်လျှောက်ကျင်းပပြုလုပ်ခဲ့ကြပြီး ညပိုင်းအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဓမ္မစကြာသုတ်ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်ထမ်းများက ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။
ဆက်လက်၍ နိုဝင်ဘာလ (၃)ရက်နေ့၊ နံနက်ပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ (၂၇)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်းနှင့် နေ့ဆွမ်းဆက်ကပ်
လှူဒါန်းပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြရာ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ သီတလာရာမကျောင်း တိုက်ဆရာတော် ဘဒ္ဒန္တသီလာစာရအမှူးပြုသော မြို့နယ်သံဃာနာယကအဖွဲ့ဝင် ဆရာတော်များနှင့် သံဃာတော်အရှင်သူမြတ်(၂၀)ပါးတို့ ကြွရောက်တော်မူခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)